Breaking News

About Me

Wednesday, August 9, 2017

ယုံကြည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်း (အပိုင်း ၂)

မေးခွန်း ၂။ ယုံကြည်ခြင်းဆိုသည်မှာ ဘာလဲ။
ဟေဗြေဦးကျမ်း ၁၁း၁ မှာ “ယုံကြည်ခြင်းဆိုသည်မှာ မိမိတို့မျှော်လင့်ထားသည့်အရာနှင့်ပတ်သက်၍ အာမခံချက်ရရှိခြင်းနှင့် မမြင်နိုင်သောအရာတို့အမှန်ပင် တည်ရှိကြောင်းအခိုင်အမာ သိရှိခြင်းပင်ဖြစ်၏။” ဟု ဆိုထားပါတယ်။ ယုံကြည်ခြင်းဆိုတာ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်လာမယ့် အနာဂတ်အမှန်တရားဆီကို ဦးဆောင်ခေါ်ယူသွားခြင်းလို့ ပြောနိုင်ပါတယ်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်းဆိုတာ ဘုရားနှင့်တိုက်ရိုက်သက်ဆိုင်တဲ့ပါရမီများ (Theological virtues) လို့ အသင်းတော်ကြီးက သွန်သင်ထားပါတယ်။ ဒါ့ကြောင့် ဒီပါရမီတွေဟာကျနော်တို့ လူသားရဲ့ကြိုးစားမှုနဲ့ကျင့်ကြံလို့ ရနိုင်တာမဟုတ်ဘဲ ဘုရားသခင်ဘက်က စတင်ပြီး လူသားကို ကျေးဇူးတော်ပေးလို့ လူသားက ကျင့်ကြံနိုင်တာဖြစ်ပါတယ်။
သမ္မာကျမ်းစာတစ်အုပ်လုံးမှာ ယုံကြည်ခြင်းနဲ့ပတ်သက်လို့ အကောင်းဆုံးနဲ့အရှည်ဆုံးအခန်းပိုဒ်တွေကတော့ အာဗြဟံအကြောင်းပါပဲ။ အခန်းကြီး ၁၁ - ၅၀ ထိအောင်ရှည်လှပါတယ်။ ဒါဟာ ယုံကြည်ခြင်းဘယ်လောက် အရေးကြီးလဲဆိုတာ ပြသနေတာပါပဲ။ အာဗြဟံအကြောင်း အကျဉ်းချုံးပြောရရင်တော့ -
အာဗြဟံဟာ နောဧရဲ့န၀မမျိုးဆက်ဖြစ်တဲ့ တဲရာရဲ့ သားသုံးယောက်ထဲက တစ်ဦးဖြစ်တယ်။ သူတို့ဟာ ဦးမြို့မှာနေထိုင်နေခဲ့ကြတယ်။ အဲဒီမြို့မှာပဲ ဖခင်ကြီး တဲရာခေါင်းချသွားခဲ့တယ်။ အာဗြဟံက ဆာရကို လက်ထပ်ခဲ့တယ် -ဒါပေမယ့် ဆာရဟာ မြုံနေလို့ သားသမီးမထွန်းကားခဲ့သေးပါဘူး။ ဘယ်လိုဖြစ်ဖြစ် ဦးမြို့ဆိုတာက အဲဒီခေတ်ကာလက ကြွယ်ဝဖွံ့ဖြိုးတိုးတက်နေခဲ့တဲ့မြို့ဖြစ်တဲ့အတွက် အာဗြဟံတို့ဟာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားနဲ့ ဘ၀ဟာ အဆင်ပြေနေခဲ့မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီလိုကြွယ်ဝဖွံ့ဖြိုးတဲ့မြို့မှာ မကောင်းတဲ့ဓလေ့စရိုက်တွေလည်း ထွန်းကားနေခဲ့တယ်။ နတ်ဘုရားတွေကို ပူဇော်ပသလိုက်ကြနဲ့ လူကိုတောင် ပူဇော်ရာအဖြစ်အသုံးပြုကြနဲ့ ဘုရားစစ်ဘုရားမှန်နဲ့ ဝေးကွာနေခဲ့ကြတယ်။
အဲဒီမှာပင် ဘုရားသခင်က (ကမ္ဘာဦးကျမ်း ၁၂း၁) ဧဗြဟံကို အဲဒီမြို့ကနေ စွန့်ခွာခိုင်းခဲ့တယ်။ အဲဒီမှာ တည်ငြိမ်ကောင်းစားနေတဲ့ဘ၀ကို စွန့်ပြီး မသေချာသေးတဲ့ ဘုရားသခင်ပြမယ်ဆိုတဲ့ ကတိပေးနေရာကို ခရီးနှင်ရမယ်။-သြော် မသေချာမရေမှု့တွေနဲ့။ အသက်ကဖြင့် ၇၅ နှစ်ရှိနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဧဗြဟံက စွန့်စားမှု့ကို စတင်ခဲ့တယ်။ သူ့ဇနီး ဆာရ၊ သူ့တူဖြစ်တဲ့ လော့ တို့နဲ့အတူ ခရီးစတင်ထွက်ခွာလာခဲ့တော့တယ်။
ခရီးတလျှောက် အခက်ခဲမျိုးစုံပါပဲ။ ကာနွန်ပြည်မှာ အဆာငတ်ကပ်ဘေးဆိုက်လို့ ဖာရော့မင်းထံမှာ သူ့ဇနီးဆာရကို ညီမဟန်ဆောင်ခိုင်းတာ၊ ဖာရော့မင်းက ကြိုက်မိသွားလို့ ဒုက္ခ။ သူ့ဇနီးမှန်းသိသွားလို့ ပေးထားတဲ့ နွားတွေ၊ မြည်းတွေ၊ သိုးတွေ၊ သစ်ကုလားအုပ်တွေပြန်လိုက်သိမ်းလို့ ပြေးလိုက်ရတယ်။
တိရစ္ဆာန်တွေအတွက် စားကျက်မလောက်လို့ သူနဲ့ သူ့တူ လော့တို့လမ်းခွဲခဲ့ကြရပြန်တယ်။ ဒီကြားထဲ လော့နေတဲ့မြို့ဖြစ်တဲ့ ဆောဒုံနဲ့ဂေါမောရမြို့က အပြစ်တွေများလို့ ဘုရားက မီးရှို့ဖျက်စီးမယ်ပြောလို့ အာဗြဟံတစ်ယောက် ဈေးစစ်သလိုစစ်ပြီး အသနားခံရသေးတယ်။ နောက်ဆုံး အာဗြဟံဈေးစစ်တဲ့အထိတောင် အဲဒီမြို့တွေက မကောင်းကြတော့လို့ မီးရှို့ဖျက်စီးတဲ့အခါ လော့တို့မိသားစုကို ကယ်ထုတ်ရသေးတယ်။
မြုံနေတဲ့ အာဗြဟံရဲ့ဇနီး ဆာရဟာ ကလေးမွေးဖွားဖို့ လုံးဝမဖြစ်နိုင်တဲ့အခြေနေမှာ ဘုရားသခင်က မင်းရဲ့မျိုးဆက်ကို ကောင်းကင်ကကြယ်တွေလောက်များစေရမယ်တဲ့ - ဒုက္ခပဲ။ ဖြစ်နိုင်ပါဦးမလား။ ဒါနဲ့ သူ့ယောက်ျားကိုသနားလို့ ဆာရက အစေခံမနဲ့ပေးအိပ်ပြီး ကလေးမွေးဖွားစေခဲ့ပေမယ့် ဘုရားသခင်က အာဗြဟံနဲ့ဆာရတို့မွေးတဲ့သားရတနာက မျိုးဆက်ကိုသာ ဆိုလိုခဲ့တယ်။ ဒီလိုနဲ့ တစ်ဦးတည်းသောသား အိုက်ဇက်ကိုမွေးဖွားပေးနိုင်ခဲ့တယ်။
သြော်-ပြေးကြည့်မှ ဒီသားတစ်ယောက်ပဲရှိတာကို ဘုရားသခင်က သူ့ကိုပူဇော်ပါဆိုပြီး စမ်းသပ်ခဲ့ပြန်သေးတယ်။ - ဘာတွေဖြစ်ကုန်တာလဲလို့ အာဗြဟံတယောက် သံသယတွေနဲ့ ဇဝေဇ၀ါဖြစ်နေမှာပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊ အာဗြဟံကတော့ ဘုရားသခင်ကို လုံးဝယုံကြည်ခဲ့တယ်၊ လုံးဝချစ်ကြောက်ရိုသေခဲ့တယ်၊ လုံးဝနာခံခဲ့တယ်။ သူရဲ့တစ်ဦးတည်းသောသားကိုလည်း ယဇ်ပူဇော်ဖို့ လုပ်ခဲ့တယ်။ အချိန်မှီ တကြားတမန်ရောက်လာပြီး ဆွဲထားခဲ့တယ် - ပြီးတော့ သူ့ကိုစမ်းသပ်တာ အောင်မြင်နိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီနေ့ အာဗြဟံအမျိုးနွယ်ကနေ ကျနော်တို့ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်တွေ စတဲ့ဘာသာကြီး ၃ ခုပေါ်ထွန်းလာခဲ့တယ်။ အာဗြဟံရဲ့မျိုးဆက်တွေ ကောင်းကင်က ကြယ်တွေလို များလှတယ်။
ယုံကြည်ခြင်းဆိုတာကို နားလေစေနိုင်သလို၊ ကြုံရာအခက်ခဲတွေကို ဒီယုံကြည်ခြင်းနဲ့ ကျော်ဖြတ်ခဲ့တယ်ဆိုတာကို အာဗြဟံက သက်သေခံနေပါတယ်။
ယုံကြည်ခြင်းကို အဘိဓါန်မှာတော့ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် ယုံကြည်စိတ်ထားခြင်း ဒါမှမဟုတ် တစ်စုံတစ်ရာမှာ ယုံကြည်သက်ဝင်ခြင်းကို ဆိုလိုပါတယ်။ ခရစ်ယာန်အနက်ဖွင့်ဆိုချက်မှာတော့ အနန္တတန်ခိုးရှင် ထာဝရဘုရားသခင်အပေါ်မှာ လုံးဝသေချာတဲ့ ယုံကြည်ပြီး ဘုရားရှင်ပြုတော်မူသော အရာများနှင့် ကတိတော်များအပေါ်မှာ လုံးဝစိတ်ချမှုရှိခြင်းပင် ဖြစ်ပါတယ်။ ဒီယုံကြည်ခြင်းဟာ ဘုရားသခင်ပေးတဲ့ ကျေးဇူးတော်သက်သက်သာဖြစ်လို့ ဘုရားသခင်ဘက်မှ ဖိတ်ခေါ်သံကို လူသားတွေက ပြန်လည်တုန့်ပြန်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီကျေးဇူးတော်ကြောင့်သာ ကျနော်တို့ လူသားများဟာ “အကျွန်ုပ်ယုံကြည်ပါ၏” လို့ပြောဆိုနိုင်တဲ့ စွမ်းအားသတ္တိရှိလာကြပါတယ်။
ဒါ့ကြောင့် အသင်းတော်ကြီးရဲ့ မြတ်သောအယူဝါဒဟူသော CCC ရဲ့သွန်သင်ချက်မှာတော့ - ယုံကြည်ခြင်းဟာ ဘုရားသခင်နှင့်သက်ဆိုင်သော ပါရမီ (Theologica virtue) ဖြစ်ပြီး ၎င်းပါရမီအားဖြင့် ဘုရားသခင်အပေါ်မှာ ယုံကြည်ကြပြီး ဘုရားပြုတော်မူသော အမှုရာအားလုံးနဲ့ ကတိတော်များအပေါ်မှာ ယုံကြည်ကြခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် လူသားဟာ လွတ်လွတ်လပ်လပ်နဲ့ မိမိကိုယ်ကိုတစ်ခုလုံးကို ဘုရားသခင်ထံမှာ အသေအချာ နှစ်မြှုပ်ထားနိုင်လာတယ်။ (ccc. 1814-1816, 1842)
ဒီလိုယုံကြည်နိုင်တာဟာ မျက်ကန်းယုံကြည်တာမဟုတ်ပါ။ စိန်သောမတ်စ်အကွိုင်နက်စ်ပြောသလို ယုံကြည်ခြင်းနှင့် စဉ်းစားညဏ် (Faith and Reason) နှစ်ခုလုံးပေါင်းစပ်ပြီးမှ ယုံကြည်နိုင်တာ ဖြစ်ပါတယ်။ ရှင်ယာကုပ်သြ၀ါဒစာ ၁း၅-၆ မှာ “သင်တို့တွင် တစ်စုံတစ်ယောက်သည် ညဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံတောင်းလျှောက်ပါစေ။ ကိုယ်တော်သည် အပြစ်တင်ခြင်းမရှိဘဲ ရက်ရောစွာပေးလေ့ရှိသဖြင့် သူ့အားညဏ်ပညာကိုပေးသနားတော်မူလိမ့်မယ်။ သို့သော် သူသည် သံသယစိတ်မရှိဘဲ ယုံကြည်ခြင်းနှင့် တောင်းလျှောက်ရမည်။” ဆိုထားပါတယ်။ သိပ်မှန်ပါတယ် - သံသယကြီးသူအတွက် ယုံကြည်ခြင်းဆိုတဲ့ပါရမီဟာ အချည်းနှီးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စိတ်ချသူအတွက်တော့ ယုံကြည်ခြင်းက ပါရမီဖြည့်ပေးပြီး များစွာသောညဏ်ပညာ အသိဗဟုသုတတွေရှိရာကို လမ်းပြပါလိမ့်မယ်။
(ဆက်ရန်-)
ဥရောပရောက်မြန်မာကက်သလစ်များ တွေ့ဆုံပွဲနှင့် လူငယ်သင်တန်းမှ။
ဒိုမီနီကန်ကိုရင်

No comments:

Post a Comment

Designed By