Breaking News

About Me

Sunday, January 1, 2017

မြန်မာပြည်နှင့်ငြိမ်းချမ်းရေးနှစ်-၂၀၁၇

ငြိမ်းချမ်းရေးဟူသောစကားလုံးကို လူသားတိုင်းရင်းနှီးကျွမ်းဝင်မှု့ရှိလှပေသည်။ သို့သော် ၎င်းစကားလုံး၏ပဓာန၊ အနှစ်သာရကိုတော့ လူတိုင်းမပိုင်ဆိုင်နိုင်ကြပေ။-၎င်းကိုရရှိဖို့အတွက် ကျွန်ုပ်တို့ တစ်ဦးချင်းမှစ၍၊ မိသားစုအတွင်း၊ အဖွဲ့အစည်းအတွင်း၊ နိုင်ငံအတွင်း၊ ကမ္ဘာနိုင်ငံများကြားထိအောင် နည်းအမျိုးမျိုးဖြင့် ကြိုးစားလာခဲ့ကြသည်မှာ ရှေးပဝေသဏီ လူသားတို့တည်ရှိခြင်းမှစလို့ ယနေ့ထိအောင်ပင် ဖြစ်သည်မှာ မငြင်းနိုင်အောင် သမိုင်းသက်သေတွေက ဒုနှင့်ဒေးပင်။ သို့သော်လည်း မည်သူတွေ ငြိမ်းချမ်းရရှိလို့ မည်သူတွေ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်ပါသလဲ။ အမှန်တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ပိုင်ဆိုင်ဖို့ မခက်ခဲသလိုလိုနှင့် တကယ်ပိုင်ဆိုင်ပြန်တော့လည်း ထိန်းသိမ်းဖို့ သိပ်ကို ခက်ခဲလှပြန်သည်။ ပြောရမည်ဆိုလျှင် “အထိမခံ ကြွေပန်းကန်” ပါပဲ။ အထိမခံအောင် ကွဲလွယ်၊ကြွေလွယ်ဖြစ်ရသည်မှာလည်း ၎င်းကိုထုဆစ်သူတွေ သို့မဟုတ် ၎င်းကိုထိန်းသိမ်းကြသူတွေကြောင့်ဟု ပြောရမည်ထင်သည်။ ဒီတော့ဖြင့် လိုရင်းဦးတည်ချက်ကို တိုက်ရိုက်သွားရလျှင်တော့ ငြိမ်းချမ်းရေးကို ထုဆစ်သူများနှင့် ထိန်းသိမ်းသူများအကြား သဟဇာတဖြစ်ပြီး ၎င်းတို့ထုဆစ်သော ငြိမ်းချမ်းရေးနှင့် ၎င်းတို့ထိန်းသိမ်းကြရမည့် ငြိမ်းချမ်းရေး၏ ပဓာန၊ အနှစ်သာရ သဘောတရားများကို သေသေချာချာ လေ့လာသုံးသပ်ပြီး ကိုင်တွယ်ကြဖို့လိုပေမည်။
ငြိမ်းချမ်းရေးအနက်အဓိပ္ပာယ်ကို အင်္ဂလိပ်စကားလုံး “PEACE”အား အခြေခံလိုက်ကြည့်သော် မူရင်းလာတင်ဘာသာစကား PAX-PACIS (f) မှဆင်းလာပြီး အနက်အဓိပ္ပာယ်မှာ ပဠိပက္ခများကင်းမဲ့ပြီး၊ အကြမ်းဖက်မှု့များမရှိဘဲ တစ်ဦးနှင့်တစ်ဦးအကြား၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား သဟဇာတကျကျ လက်တွဲနေထိုင်ကြ၍ ငြိမ်းအေးလှသည့် အခြေအနေနှင့်အချိန်အခါဖြစ်ပေသည်။ အမှန်စင်စစ် အဓိပ္ပာယ်တွေ ရှည်ရှည်ဝေးဝေးကြည့်မနေဘဲ ငြိမ်းချမ်းဟူသော မြန်မာစကားလုံးနှစ်လုံးကပင် တိုက်ရိုက်နားလည်ရလျှင် အပူမီးတွေ၊ ရန်မီးတွေငြိမ်းသွားပြီး အေးအေးချမ်းချမ်းရှိလာသည့် အခြေနေ၊ အချိန်အခါဆိုသည်မှာ ထင်ထင်ပေါ်ပေါ်ရှိလှပေသည်။ ဤသည်ပင် နှစ်ပေါင်းများစွာ ပဠိပက္ခများနှင့် တိုက်ပွဲများဖြစ်ပွားနေသော မြန်မာနိုင်ငံကဲ့သို့သော လူ့အဖွဲ့အစည်းများ၊ နိုင်ငံများအတွက် ငြိမ်းချမ်းဆိုသော စကားလုံးလေးနှစ်လုံးသည် ၎င်း၏ပဓာန အနှစ်သာရအတွက် ပို၍ပုံပေါ်လှပေသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး အချိန်တိုကာလမှာပင် စတင်ဖြစ်ပွားခဲ့သော နိုင်ငံရေးပဠိပက္ခနှင့် လူမျိုးစုများအကြားဖြစ်ပွားနေသော တိုက်ပွဲများမှာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးသော နိုင်ငံရေးပဠိပက္ခစစ်ပွဲများဖြစ်ပွားသော နိုင်ငံတစ်နိုင်ငံဟုပင် သမုတ်ခေါ်ဆိုလာကြသည့်တိုင်အောင်ပင်။ ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် ငြိမ်းချမ်းရေးကို ဆာလောင်ငတ်မွတ်နေကြသည်မှာ သိသာလှပေသည်။ ဤသို့သော ကမ္ဘာ့သက်တမ်းအရှည်ဆုံးသော နိုင်ငံရေးပဠိပက္ခမီးများငြိမ်းပြီး အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် သာယာသည့် နိုင်ငံတော်တစ်ခုကို ပိုင်ဆိုင်လွန်းလှပြီ။ သို့သော်လည်း ငြိမ်းချမ်းရေးအတွက်မူ လမ်းစဉ်တွေက မချောမွေ့သလို၊ အတားစီးတွေက ပိတ်ဆို့ဟန့်တားနေဆဲပင်။ ဒီအတွက်ကြောင့် မချောမွေ့သည့် လမ်းတွေကို ညီညာလာစေဖို့၊ ပိတ်ဆို့ဟန့်တားနေသည့် အတားစီးများကို ဖယ်ရှားဖို့ ကျွန်ုပ်တို့ တစ်ဦးချင်းမှစ၍ နိုင်ငံသူ၊နိုင်ငံသားတိုင်း အားလုံးပါဝင်လုပ်အားပေးကြလျှင်ဖြင့် သိပ်မကြာသည့် ကာလအတွင်း ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့ဆီသို့ ဧကန်မုချရောက်ရှိလာပေတော့မည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးအတူတကွနေထိုင်ကြသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အလျောက် တိုင်းရင်းသားလူမျိုးများအကြား နားလည်မှု့ကောင်းကောင်း လိုအပ်ပေမည်။ တနည်းအားဖြင့် မြန်မာ့လူမျိုးရေးကို ကောင်းစွာနားလည်သဘောပေါက်ခြင်းမှာ စစ်မှန်စည်းလုံးသော ပြည်ထောင်စုတည်ဆောက်ရန်အတွက် အုပ်မြစ်ကောင်းပင်ဖြစ်ပေမည်။ လူမျိုးစုအကြီးဆုံးဖြစ်သည့်အတိုင်း ဗမာလူမျိုးများသာ အစစအရာရာပိုင်ဆိုင်စိုးပိုင်ခွင့် ကိုင်စွဲကာ ကျန်ရှိ တိုင်းရင်းသားများအား စိုးစံရပိုင်ခွင့်များ ကောင်းစွာခွဲဝေပေးနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် လက်နက်စွဲကိုင် အဖွဲ့စည်းများစွာပေါ်ပေါက်လာပြီး ပြည်တွင်းပဠိပက္ခနှင့်တိုက်ပွဲများဖြစ်လာခဲ့သည်မှာ ယနေ့ချိန်ထိ မငြိမ်းသေးသည်မှာ သမိုင်း၏သင်ခန်းစာကောင်းတစ်ခုပင်ဖြစ်ပေသည်။ တချိန်တည်းမှာပင် တိုင်းရင်းသားလူမျိုးများအကြား လူမျိုးကြီးဝါဒလွှမ်းမိုးမည်အား စိုးရိမ်ကြောက်ရွံ့နေရသည်မှာလည်း မြင်သာလှပေသည်။ ထို့အပြင် နိုင်ငံ့ပဠိပက္ခများအား တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းနည်းလမ်းဖြင့် အသေအချာ မဖြေရှင်းဘဲ လက်နက်ခဲယမ်းများဖြင့် အင်အားပြိုင်ဖြေရှင်းလာခဲ့ကြရာ ယနေ့ တိုင်းရင်းသားလူမျိုးစုများအကြား ယုံကြည်မှု့များပျောက်ဆုံးခဲ့ရပြီး သွေးစည်းညီညွတ်ရေးအတွက် အဟန့်အတားကြီးတစ်ခုပင်ဖြစ်လာခဲ့ပေသည်။ သို့ပင်သော်လည်း အနာဂတ်မျှော်လင့်ချက်ကြီးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ နှလုံးသားတွင်ရှင်သန်နေဆဲပင်။ ဤသည်ကို ထပ်၍ လစ်လျူရှု့မခံရစေချင်။
၂၀၁၄ခုနှစ်၏ ပါစကားသတင်းကောင်းတွင် ကာဒီနယ်ကြီးချားစ်ဘို မိန့်ဆိုခဲ့သည့်အတိုင်း မတူခြားနားခြင်းဟာ သိက္ခာတစ်ခုပင်။ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား မတူညီသော ယဉ်ကျေးမှု့ဓလေ့ထုံးစံများနှင့် စရိုက်လက္ခဏာများကို အရှိကိုအရှိတိုင်း လက်ခံပြီး နှစ်မြို့ပွေ့ဖက်ကြမည်ဆိုပါက အင်မတန်မှတင့်တယ်လှပပြီး စစ်မှန်စည်းလုံးသော ပြည်ထောင်စုကြီးအဖြစ် ကမ္ဘာ့မျက်နှာပြင်မှာ ဂုဏ်သရေတင့်တယ်စွာဖြင့် ပေါ်ထွန်းလာမည်မှာ ဧကန်မုချပင်။ “One nation, one country”-လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံဟူသော ၀ါဒအားဖျောက်ပစ်စွန့်လွတ်ကြပြီး “Diversity but one in unity”-မတူကွဲပြားသော်လည်း နိုင်ငံတော်တစ်ခုအဖြစ် စည်းလုံးညီညွတ်စွာပေါင်းစည်းကြသည် ဟူသော ကောင်းမွန်မှန်ကန်သော ၀ါဒဖြင့် ခရီးဆက်ကြရပေမည်။ ထိုစည်းလုံးညီညွတ်စွာ ပေါင်းစည်းထားသည့်နိုင်ငံတော်ကြီးတွင် နိုင်ငံသူ၊နိုင်ငံသားတိုင်းသည် ၎င်းတို့၏ နိုင်ငံရေးရပိုင်ခွင့်များကို တန်းတူညီတူ ရရှိစေရန် အာမခံပေးထားနိုင်ရပေမည်။ မည်သူမျှ ဘေးဖယ်ခံဘ၀သို့ မရောက်စေရဘဲ ခွဲခြားစွာဆက်ဆံခံရခြင်းလည်း မရှိစေရပေ။ နိုင်ငံတော်၏ဆုံးဖြတ်ချက်တိုင်းတွင် တိုင်းရင်းသားအားလုံးတွင်လည်း တိုင်းရင်းသားအားလုံး၏ဆုံးဖြတ်ချက်များလည်း တန်းတူပါဝင် နိုင်ရပေမည်။
ဤသို့ သဟဇာတဖြစ်သော၊ စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီးကို တည်ဆောက်ရန်အတွက် မတူခြားနားသော တိုင်းရင်းသားများအားလုံးအကြား နားလည်မှု့ကောင်းနှင့်လက်ခံတတ်ဖို့ အင်မတန်မှ လိုအပ်ပေသည်။ မလှပခဲ့သော သမိုင်းစာမျက်နှာများမှ သင်ခန်းစာကောင်းများယူ၍ အနာဂတ်အတွက် ကောင်းမွန်လှပသော စာမျက်နှာသစ်များဖွင့်ဖို့ရန် ပြင်ဆင်သင့်ပေသည်။ ဤသို့ပြုရန်အတွက် ပြန်လည်ကြေအေးသင့်မြတ်ခြင်းများပြုလုပ်ရန် သဓိချလိုအပ်ပေသည်။ ရန်ကိုရန်ဖြင့်တုန့်ပြန်ခြင်း၊ ကလဲ့စားချေခြင်းတို့ဖြင့် ဖြေရှင်းခြင်းမှာ သံတရာဆုံးမည်မဟုတ်ဘဲ၊ ပဠိပက္ခ ပြသနာများကို ပို၍ကြီးထွားခြင်းသာ ဖြစ်စေသည်။ ထိုကြောင့် ချစ်စကိုရှည်စေ၊ ရန်စကိုတိုစေ ဆိုသည့်အတိုင်း တိုင်းရင်းသားမိသားစုကြီးအကြား ညီအစ်ကိုမောင်နှမမေတ္တာကြိုးကိုဆွဲဆံ့လို့ ချည်နှောင်ထားကြရပေမည်။ မုန်းတီးရေးကိုမူကာ နည်းလမ်းစုံဖြင့် တိုက်ဖျက်ပစ်ရပေတော့မည်။ သို့ဖြစ်၍ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများကြားတွင် မှားခဲ့သည်များကို ပြည်ပုန်းကားချလို့ အခြားသော ညီအစ်ကိုမောင်နှများ၊ ပြည်သူများ၏ မျက်နှာကိုထောက်၍ အချင်းချင်းတောင်းပန်ကာ ပြန်လည်ကြေအေးကြစေရန် မေတ္တာရပ်ခံလို၏။ ထို့ကြောင့် ကာဒီနယ်ကြီးချားစ်ဘို နှိုးဆော်သည့်အတိုင်း စစ်ပွဲများအားလုံး ရပ်စဲကြပါ။ ၂၀၁၇ခုနှစ်အား ငြိမ်းချမ်းရေးနှစ်ဖြစ်ပါစေ။
ကာဒီနယ်ကြီးချားစ်ဘို၏နှိုးဆော်ခြင်းအား တလုံးတ၀တည်းထောက်ခံ၍ မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည်း စစ်ပွဲများအားလုံး ရပ်စဲကြဖို့ ထပ်ဆင့်နှိုးဆော်ကာ ၂၀၁၇ခုနှစ်အား မြန်မာ့ငြိမ်းချမ်းရေးနှစ်အဖြစ် ကြေငြာပြီး အစားရှောင်၊ ခြိုးခြံခြင်းများပြုလုပ်၍ ဆုတောင်းကြရန်အတွက် ကက်သလစ်ဘာသာဝင်များကို တိုက်တွန်းထားလေသည်။ ထို့အပြင် အခြားသော ညီအစ်ကိုဘာသာဝင်များကိုလည်း စေတီပုထိုးများ၊ ဘုရားကျောင်းများ၊ ဗလီကျောင်းများတွင်သွားရောက်ဆုတောင်းကြရန်၊ ငြိမ်းချမ်းအတွက် ဘာသာပေါင်းစုံဆုတောင်းခြင်းများ ပြုလုပ်ကြရန် နှိုးဆော်၍ မြန်မာ့ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်လျက်ရှိပေသည်။
မြန်မာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ခရစ်ယာန် ကက်သလစ်အသင်းတော်ကြီးတစ်ခုလုံး၏ ဦးသျှောင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်မှလည်း အင်မတန်မှ စိတ်အားထက်သန်လှပေသည်။ ယခုနှစ် ခရစ်တော်၏မွေးနေ့ပွဲတော်ဖြစ်သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရောမမြို့တော်နှင့် ကမ္ဘာတ၀ှမ်းလုံးအား ကောင်းကြီးပေးဆုတောင်းခြင်းတွင် မြန်မာ့ငြိမ်းချမ်းရေးကိုလည်း အသေအချာ ထည့်သွင်းဆုတောင်းပေးခဲ့လေသည်။ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြစေရန်နှင့်အတူ လိုအပ်သောအကူညီများပေးကြရန်အတွက်လည်း ကမ္ဘာ့အသိုင်းအ၀ိုင်းတစ်ခုလုံးအား မေတ္တာရပ်ခံပေးခဲ့လေသည်။
ခရစ်သက္ကရာဇ်နှစ် ၂၀၁၇ခုနှစ်သည် မြန်မာ့ငြိမ်းချမ်းရေးနှစ်ဖြစ်သည်-ဟုထပ်မံကြွေးကြော်ပါရစေ။ မင်္ဂလာရှိ၍ အနှစ်သာရပြည့်စုံလှသည့်ကြွေးကြော်သံဖြစ်သည့်အတွက် နိုင်ငံသူ၊နိုင်ငံသားတိုင်း တဆင့်စကား တဆင့်ပါးလို့ သတင်းကောင်းကို ဝေမျှပေးကြပါ။ နှလုံးသားတိုင်းဖြင့် ပွေ့ဖက်၍ ချစ်စကို ရှည်စေကြပါ။ မြန်မာ့နိုင်ငံရေးမှာ အမုန်းတရားတို့ကို နေရာပျောက်သွားစေကြပါ။ ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်မှု့များ တူယှဉ်တွဲမနေကြသလို၊ အကြမ်းဖက်မှု့ရှိသည့်နေရာတိုင်းမှာ ဘုရားသခင်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတော်ဖြစ်သောကြောင့်ပင်ဖြစ်ပေသည်။ မီးကိုမီးနှင့်ငြိမ်းသတ်၍ မဖြစ်နိုင်သလို၊ စစ်ကိုစစ်နှင့်တိုက်၍လည်း ငြိမ်းချမ်းရေးမရနိုင်ပေ။ ထို့ကြောင့် စစ်ပွဲများအားလုံးရပ်စဲကြပြီး မြန်မာ့ငြိမ်းချမ်းရေးကို ပွေ့ဖက်ကြပါစို့။
မနောအောင်

No comments:

Post a Comment

Designed By