Breaking News

About Me

Saturday, May 14, 2016

သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွတော်မူခြင်း


ဝိညာဉ်တော်မြတ်ကိုခံယူကြလော့။ (သံယောဟန် ၂၀း၂၃)

ယနေ့ဟာ သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွခြင်းပွဲတော်နေ့ဖြစ်ပါတယ်။ ဓမ္မသင်္ဂြိုလ် ပညာရှင်အချို့က ဤနေ့ကို အသင်းတော်စတင်ရာ၊ မွေးနေ့ဟုလည်း ခေါ်ဆိုသမုတ်ကြပါတယ်။ အကြောင်းရင်းကတော့ ၎င်းနေ့မှာ တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော်မြတ် ဆင်းကြွတော်မူပြီး လူမျိုးတကာတို့အား ဧ၀ံဂေလိသတင်းကောင်းကို စတင်ဟောပြောကြ၍ အသင်းတော်ဟူသော အဖွဲ့စည်းငယ်လေးကို စတင်ထုတ်ဖော်ပြသခဲ့ကြခြင်းကြောင့်ပင်ဖြစ်ပါတယ်။ ဤပွဲတော်နှင့်စပ်လျဉ်းသည့် ဗဟုသုတမှာ ဂျူးလူမျိုးတို့၏ရှာဘုတ် (Shavout)ဟုခေါ်သော ပါစကားပွဲပြီး ရက်ပေါင်းငါးဆယ်ပြည့်ပွဲနေ့မှ ဓမ္မသစ်တွင် ယေဇူးခရစ်တော်၏ရှင်ပြန်ထမြောက်ရာနေ့မှ ရက်ပေါင်းငါးဆယ်ပြည့်သည့်နေ့တွင် တပည့်တော်ကြီးများအပေါ် ကတိထားရာ သန့်ရှင်းသောဝိညာဉ်တော်မြတ်ကိုစေလွှတ်၍ ဆင်းကြွတော်မူရာနေ့အဖြစ် ကျင်းပကြခြင်းဖြစ်ပါတယ်။

တပည့်တော်ကြီးများအဖြစ် ခရစ်တော်ကိုယ်တော်တိုင် ရွေးကောက်ခဲ့သူများမှာ သာမန်တံငါသည်များသာ ဖြစ်ကြပါတယ်။ ဒီတော့ စာပေဗဟုသုတကြွယ်ဝသူများမဟုတ်တာ ပြောစရာမလိုလောက်အောင်ပါပဲ။ ကျမ်းတတ်ဆရာကြီးများလို၊ သြဇာအာဏာကြီးမားသူများလို လူတောမတိုးတာလည်း ပြောစရာမလိုပါဘဲ။ ဒီလိုပုဂ္ဂိုလ်ကြီးတွေဟာ ဆရာသခင်ပေါ်မှာသာ လုံးလုံးမှီခိုနေသူပါ။ ဒီတော့ ဆရာသခင်မရှိတော့လျှင် လုံးဝရပ်တည်နိုင်စွမ်းမရှိတော့ပေ။ ဆရာသခင်သည်သာလျှင် ၎င်းတို့၏ အစွမ်းစ၊ အာဏာဖြစ်ပါတယ်။ ဒါတွေကို သိတဲ့ ဆရာသခင်က ၎င်းတို့ကိုလျစ်လျှူမရှု့ခဲ့ပါဘူး။ ကားတိုင်မှာအသေခံခဲ့ပြီးနောက် အကြောက်တရားအောက်မှာ တကွဲတပြားဖြစ်နေတဲ့ တပည့်တော်ကြီးတွေကို မကြာခဏ ကိုယ်ထင်ပြ (ခန္တာနှင့်ဝိညာဉ် ယခင်အတိုင်း)လာရောက်နေထိုင်ပေးပြီး ခွန်အားပေးစုစည်းခဲ့ပါတယ်။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူတော့်မည်ဆိုတော့လည်း ၎င်းတို့အတွက် အကြီးမားဆုံးလက်ဆောင်၊ ခွန်အားအစွမ်းအဖြစ် သန့်ရှင်းသောဝိညာဉ်တော်မြတ်ကို ကတိပေးခဲ့ပါတယ်။ ထိုကတိထားရာ ၀ိညာဉ်တော်မြတ်ဆင်းကြွပြီး နောက်ပိုင်း တပည့်တော်ကြီးများဟာ ခွန်အားအပြည့်၊ သတ္တိအပြည့်၊ အာဏာအပြည့်နှင့် မိမိတို့ကိုယ်တိုင်မသိနားမလည်နိုင်သော ဘုရား၏ကယ်တင်ခြင်းအကြောင်းကို စတင်ဟောပြောကြပါတော့တယ်။ ဘာသာစကားတစ်မျိုးတည်းပြောနေသော်လည်း ကြားရသူတိုင်း မိမိတို့ဘာသာစကားဖြင့်ကြားရ၍ မဟာအံ့ဖွယ်ကြီးတွေ ဖြစ်လေ့ရှိနေပါတော့တယ်။ လူ့အစွမ်းမဟုတ်ဘဲ ၀ိညာဉ်တော်မြတ်အစွမ်းသာဖြစ်ကြောင်း ထင်ရှားလှစေပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေ၊ ဒီနေ့တရားတော်မှာ ၀ိညာဉ်တော်မြတ်၏ ကျေးဇူးတော်များအကြောင်းပင် ဖြစ်ပါတယ်။ တချိန်တည်းမှာ ကျနော်တို့တတွေရဲ့ အကြောက်တရားနှင့် အစွမ်းအစ၊ အာဏာပါဝါတစ်ခုခုကို မီးမှောင်းထိုးပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အကြောက်တရားကို သတိရမိပါတယ်။ It is not the power that corrupt, but fear - ကျနော်တို့ကို တကယ်ပျက်စီးစေတာက အာဏာပါဝါမဟုတ်ဘဲ အကြောက်တရားပင်ဖြစ်ပါတယ်။ သေချာစဉ်းစားမိသော် အမှန်တကယ်ပင် ကျနော်တို့ပျက်စီးခြင်းသို့ ရောက်ရခြင်းမှာ အကြောက်တရားကြောင့်သာဖြစ်နေပါတယ်။ တဖက်မှာတော့ အာဏာဟူသောအစွမ်းအားဖြင့် ကျနော်တို့ဟာ အလွဲသုံးစားမလုပ်ဘဲ မှန်မှန်ကန်ကန်အသုံးချပါက ပို၍ပို၍ကောင်းအောင်စွမ်းဆောင်ချင်သူတွေချည်းဆိုတာ သိမြင်လာနိုင်ပါတယ်။ ဒီနေ့ တပည့်တော်ကြီးတွေ အကြောက်တရားအားဖြင့် တကွဲတပြားလွင့်စင်ပြီး ထွက်ပြေးနေရကာ ပျက်စီးခြင်းတစ်ခုသို့ ကျရောက်နေသော်လည်း ၀ိညာဉ်တော်အားဖြင့် အာဏာအစွမ်းရရှိကာ အံ့ဖွယ်ကောင်းလောက်အောင် လုပ်ဆောင်မှု့တွေကို အကောင်ထည်ဖော်နိုင်ခဲ့ကြပါတယ်။

သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ဆုကျေးဇူးများမှာ ညဏ်ပညာ၊ နားလည်တတ်ခြင်း၊ အကြံညဏ်၊ အသိပညာ၊ ဇွဲလုံလရှိခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်းနှင့် ဘုရားသခင်အားကြောက်ရွံ့ခြင်းတို့ဖြစ်ပါတယ်။ ဤကျေးဇူးတော်များအားဖြင့် ကျနော်တို့တတွေကို ဘုရားသခင်က အစွမ်းအစပေး၍ စွမ်းစွမ်းတမံဖြစ်စေပါတယ်။ အမှန်တရားကိုသိရှိပြီး လက်ခံကျင့်ကြံဖို့၊ သက်သေခံဖို့ ကြောက်ရွံ့ဖို့အချိန်မရှိတော့ပါ။ တရားမျှတခြင်းကို နားလည်သဘောပေါက်လာပြီး ကျင့်ကြံဖို့၊ ဝေငှသက်သေခံဖို့ ကြောက်ရွံ့နေဖို့အချိန်မရှိတော့ပါ။ ထို့အတူ များစွာသော ကောင်းကျိုးများလုပ်ဆောင်ဖို့ ကျနော်တို့မှာ အစွမ်းအစအာဏာတွေရရှိပြီး ကြောက်ရွံ့နေရမယ့်အချိန်တွေမရှိတော့ပါ။

ခရစ်ယာန်တစ်ဦးအတွက် ယုံကြည်ခြင်းနှင့် ညဏ်ပညာ မဆန့်ကျင့်ပါ။ တခုနှင့်တခု ဖြည့်စွက်ပြည့်စုံစေပြီး ကျနော်တို့ကို ခရစ်ယာန်ပီသစေပါတယ်။ ကျနော်တို့အချင်းချင်းကြား အသိပညာ ဗဟုသုတပြည့်စုံကာ အချင်းချင်းနားလည်ပေးတတ်ပြီး အကြံကောင်းညဏ်ကောင်းများပေးကြရင်း တစ်ဦးနှင့်တစ်ဦး ဖြည့်စွက်ပြည့်စုံစေပါတယ်။ ထို့အပြင် တစ်ဦးကိုတစ်ဦးလက်ခံနိုင်ကြပြီး အမြဲတမ်းလမ်းဖွင့် လက်ကမ်းကြိုဆိုနေကာ ညီအစ်ကိုရင်းပမာလို ဘုရား၏သားသမီးစစ်စစ်တွေဖြစ်လာစေပါတယ်။ ပျင်းရိခြင်းဟာ ခရစ်ယာန်တို့အတွက် နှောက်ယှက်ခြင်းပါပဲ - ပျင်းရိနေဖို့အချိန်မရှိပါ။- ခေတ္တဘ၀အတွက်သော်လည်ကောင်း ထာဝရအသက်တွက်သော်လည်းကောင်း ဇွဲလုံလ အမြဲရှိနေရပါ့မယ်။ ဤဇွဲလုံလအားဖြင့် အနာဂတ်ဟာ အဓိပ္ပာယ်များဖြင့်ပြည့်စုံနေမှာဖြစ်ပါတယ်။ အချုပ်မှာတော့ ခရစ်ယာန်တို့အတွက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာ ဘာသာတရားကျင့်စဉ်မှာ မေတ္တာတရားပေါ် အခြေခံ၍ ကိုင်းရှိုင်းနေရပါမယ်။ ဤသို့အားဖြင့် ပြည့်စုံသည့်ဘ၀၊ အေးချမ်းသည့်ဘ၀၊ ရှင်သန်ထိုက်သည့်ဘ၀ကို ရရှိစေပါမယ်။

ထို့ကြောင့် ယေဇူးသခင်က * ၀ိညာဉ်တော်မြတ်ကို ခံယူကြလော့။* ဟုမိန့်ဆိုနေပါတယ်။ ပြီးပြည့်စုံသည့်လမ်းစဉ်မှာ ခရစ်ယာန်စစ်စစ်ဖြင့် လောက၏ဆားများ၊ အလင်းများအဖြစ် နေထိုင်သက်သေခံသွားနိုင်ဖို့ လိုအပ်သောကျေးဇူးတော်များကို သန့်ရှင်းသောဝိညာဉ်မြတ်ဖြင့် ခံယူသွားကြပါစို့။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

No comments:

Post a Comment

Designed By