Breaking News

About Me

Saturday, April 23, 2016

ပဉ္စမပါစကားတနင်္ဂနွေနေ့


သံယောဟန် ၁၃း၃၁-၃၅
ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့။

ယနေ့ဖတ်ရှု့ရတဲ့ဧ၀ံဂေလိကျမ်းစာပိုဒ်မှာ တိုတောင်းသလောက် နက်ရှိုင်းလှပါတယ်။ ယေဇူးသခင်က ဘုရားသခင်၏ဘုန်းဂုဏ်တော်ထင်ရှားစေရာအကြောင်းကို ပြောဆိုနေပြီး ထိုသို့ ဘုန်းဂုဏ်တော်ထင်ရှားစေရာမှာလည်း မေတ္တာတရားဖြစ်ကြောင်း တဆက်တည်းနားလည်သဘောပေါက် လွယ်စေပါတယ်။ ထို့ကြောင့် ပညတ်သစ်ဟူပြီး သင်တို့အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်းအချင်းချင်းချစ်ကြလော့ဟူပြီး မိန့်ဆိုပါတယ်။ ဒါကြောင့် ကျနော်တို့တတွေဟာ အချင်းချင်းချစ်ကြပြီး မေတ္တာပွားများပါက ဘုရားသခင်၏ဘုန်းဂုဏ်တော် ထင်ရှားစေမှာ ဖြစ်ပါတယ်။ ဘုရားသခင်၏ဘုန်းဂုဏ်တော်ထင်ရှားစေသဖြင့် ကျနော်တို့ တစ်ဦးချင်းစီလည်း ၎င်းဘုန်းဂုဏ်တော်ထဲမှာ ပါဝင်ထင်ရှားစေမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် ကျနော်တို့တတွေဟာလည်း ခရစ်တော်ရဲ့တပည့်တွေအဖြစ်၊ ဘုရားရဲ့သားသမီးတွေအဖြစ် သိသာစေပါလိမ့်မယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။ ယနေ့တရားတော်မြတ်အပေါ် ကြားနာသိရုံဖြင့် မကျော်ဖြတ်ဘဲ ဘ၀တလျောက် ကျင့်စဉ်တစ်ခုအဖြစ်၊ လမ်းစဉ်တစ်ခုအဖြစ် ယုံကြည်မှတ်ယူကာ လျှောက်လှမ်းဖို့ထိ စဉ်းစားထောက်ရှု့ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ 

ကျနော်တို့လူသားတွေဟာ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင် စိတ်လှုပ်ရှားမှု့တွေ၊ ခံစားချက်တွေ၊ ပြင်ပအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်မှ သက်ရောက်မှု့တွေနဲ့အတူ ရောထွေးရှုပ်နေတတ်ကြပါတယ်။ ဒါကြောင့်လည်း ကျနော်တို့တတွေဟာ ချစ်ခြင်းမေတ္တာကို မတူညီတဲ့အဆင့်နဲ့ မတူညီတဲ့ ချစ်ခြင်းမျိုးတွေနဲ့ မိမိတို့ချစ်ရမယ့်သူအပေါ်၊ အရာဝတ္ထုပေါ်မှာမူတည်ပြီး ခွဲခြားတတ်ကြတာ မဆန်းပါဘူး။ ဒီလို မတူညီတဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ ပေးဆပ်ခြင်းတွေ၊ ရယူခြင်းတွေကို အပြိုင်လွန်ဆွဲနေကြပြီး အတ္တချစ်နဲ့ အတ္တမဲ့ချစ်ခြင်းမေတ္တာအားဖြင့် ခွဲခြားနေရပြန်ပါတယ်။ မိဘအပေါ်ထားတဲ့ချစ်မေတ္တာ၊ သားသမီးတွေပေါ် ထားတဲ့ချစ်မေတ္တာ၊ ခင်မင်ရာ သူငယ်ချင်းမိတ်ဆွေအပေါ်ထားတဲ့ ချစ်မေတ္တာ၊ သမီးရည်းစားပေါ် ထားတဲ့ချစ်မေတ္တာ၊ အိမ်ထောင်ဘက်ပေါ်ထားတဲ့ ချစ်မေတ္တာ စသဖြင့် ခွဲခြားကွဲပြားနေကြတာကို တွေ့မိပါတယ်။ ဒါတွေဟာ ငြင်းလို့မရအောင် ကျနော်တို့ဘ၀၊အသိုင်းအ၀ိုင်းမှာ လက်တွေ့ဖြစ်နေပါတယ်။ သို့သော်လည်း . . . သို့သော်လည်း. . . ချစ်ခြင်းမေတ္တာဆို တစ်ခုတည်းရှိပါတယ်။ ဒီမေတ္တာဟာ ဘုရားသခင်ဆီမှာ ဗဟိုရ်တည်ပြီး ဖန်ဆင်းခြင်းအားလုံးကို ဖြစ်တည်စေခဲ့တယ်။ လူ့အဖြစ်ကို ယူစေခဲ့တယ်။ ကယ်တင်ခြင်းအတွက် ယဇ်ပူဇော်ရာဖြစ်စေခဲ့တယ်။ ကားတိုင်ပေါ်မှာ အပြစ်မဲ့သည့်တိုင်အောင် စတေးခံခဲ့တယ်။

ဒါကြောင့် ကျနော်တို့ ခရစ်တော်နောက်လိုက်များအတွက် မေတ္တာတရားဆိုတာ သိပ်ကို ရှင်းလင်းပြတ်သားပါတယ်။ ဘုရားသခင်ထံမှာ ဗဟိုရ်ပြု၍ ပေးဆပ်ခြင်းမှာအရင်းတည်ကာ စိတ်နှလုံးပျော်ရွှင်စေတဲ့ အရာပါပဲ။ ကားတိုင်ကဲ့သို့သော ဒုက္ခတရား၊ အတားအဆီးတွေ ရှိနေလျှင်ပင် ထိုဒုက္ခတရားပေါ်ကို ဖြတ်ကျော်ကာ ပေးဆပ်နေတဲ့ မေတ္တာဖြစ်ပါတယ်။ (ဥပမာ- ခိုင်မာတဲ့မေတ္တာစစ်ဖြင့် ချစ်မြတ်နိုးတဲ့ ချစ်သူနှစ်ဦးကိုပင် သာဓကမြင်မိပါတယ်။ ဒုက္ခတွေ အတားအဆီးတွေ အမြောက်အများပါလို့ ဘေးလူတွေမြင်တွေ့ပြောဆိုကြသော်လည်း မိမိတို့ရဲ့ခိုင်မာတဲ့မေတ္တာစစ်နဲ့ ဖြတ်ကျော်အောင်နိုင်နေကြတာ တွေ့မိပါတယ်။) ဒါကြောင့် အပြင်ပန်းအားဖြင့် ဒုက္ခခံရတယ်လို့ ယူဆရပေမယ့် အမှန်စင်စစ် စိတ်နှလုံးပျော်ရွှင်စေပါတယ်။ ဒီ့အတွက်ပင် ယေဇူးခရစ်တော်က ပုံစံနမူနာကောင်းအဖြစ် ဘ၀တလျှောက်လုံးအပြင် သူ့ဘ၀သူ့အသက်နဲ့ရင်းပြီး - မိမိမိတ်ဆွေများအဖို့ မိမိအသက်ကိုစွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ကြီးမြတ်သောချစ်ခြင်းမေတ္တာမရှိ။-ဆိုသည်ကို သက်သေပြ၊ လမ်းပြကာ သွန်ထားခဲ့ပါတယ်။

ခရစ်တော်၏တရား၊ ခရစ်ယာန်တို့ရဲ့ ကျင့်စဉ်ဟာ မြင့်မြတ်သန့်ရှင်းလှပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ခရစ်ယာန်တိုင်းအတွက် ကော်ရိန်သုသြ၀ါဒစာ ပထမစောင်တွင် သံပေါလူးမိန့်ဆိုသလိုပဲ -
ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။
ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊ ၀ါကြွားခြင်းလည်းမရှိ။-၎င်းမာန်မာနမရှိသကဲ့သို့ ရိုင်းပြမှု့လည်းမရှိ။
ချစ်မြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်။
ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု့ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရားမူဝမ်းမြောက်တတ်၏။
ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထားနိုင်၏။ အရာအားလုံးကို ယုံကြည်၏။ အရာအားလုံးကို မျှော်လင့်၏။ အရာအားလုံးကိုလည်း ကြံ့ကြံ့ခံနိုင်၏။
ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ (ပ-ကော်ရိန် ၁၃း၎-၈)

ချစ်စွာသောဓမ္မမိတ်ဆွေများခင်ဗျာ။ ခရစ်ယာန်တို့၏ ရိုးရှင်းပြတ်သားလှတဲ့ ချစ်ခြင်းမေတ္တာအားဖြင့် အသက်ရှင်နေထိုင်ခြင်းသည်သာလျှင် ခရစ်တော်၏တပည့်အစစ်အမှန်များဖြစ်စေသလို၊ ဘုရား၏စစ်မှန်သော သားသမီးများဖြစ်စေပါတယ်။ ထို့အပြင် ဤသို့ အသက်ရှင်နေထိုင်ခြင်းဟာ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေရာဖြစ်ပြီး မိမိတို့ကိုယ်တိုင်လည်း ဘုရားရဲ့ဘုန်းဂုဏ်တော်မှာ ပါဝင်ရှင်သန်သူများအဖြစ် ထင်ရှားစေပါတယ်။ ဒီတော့ ခရစ်တော်မိန့်မှာသလိုပဲ -ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်းအချင်းချင်းချစ်ကြလော့။-ဆိုသော မြတ်သော တရားလမ်းညွှန်ချက်ကို ထိုက်တန်သည်ဟုယုံကြည်လျှင် ယခုတဒင်္ဂကြားနာရုံနဲ့ အပြီးမသတ်ဘဲ ဘ၀တလျှောက်လုံးထိ လျှောက်လှမ်းရာကျင့်စဉ်လမ်းဖြစ်စေပါ။ အချင်းချင်းမေတ္တာတရားပွားများကာ ဘုရားသခင်၏ဘုန်းဂုဏ်တော်လည်း ကျနော်တို့တစ်ဦးချင်းစီတိုင်းပေါ်မှာ ထွန်းတောက်စေတော်မူပါ။

ဒိုမီနီကန်ကိုရင်

#Dominicankoyin

No comments:

Post a Comment

Designed By