Breaking News

About Me

Saturday, February 13, 2016

ဝါတွင်း ပထမတနင်္ဂနွေနေ့


သံလုကာ ၄း၁-၁၃
နှောက်ယှက်ခြင်းနှင့် ယေဇူးသခင်

ဖတ်ရှု့ရသည့် သံလုကာဧ၀ံဂေလိတရားတော်တွင် ယေဇူးသခင်သည် အရက်လေးဆယ်တိုင်တိုင် မာရ်နတ်ရဲ့နှောက်ယှက်ခြင်းကို ခံရဖို့အတွက် တောကန္တာရသို့ ထွက်သွားခဲ့ပါတယ်။ ထို့သို့မထွက်သွားမှီ "၀ိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက်" ရှိနေခဲ့ပါတယ်။ ထို့နောက် ၀ိညာဉ်တော်မြတ်ခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့ပါတယ်။ ဘာကြောင့် ၀ိညာဉ်တော်မြတ်က ယေဇူးခရစ်တော်ကို တောကန္တာရဘက်သို့ နှောက်ယှက်ခြင်းခံဖို့ရန် ဦးဆောင်ခဲ့ပါသလဲ။ ခရစ်ဘုရားမတိုင်မှီ ဓမ္မဟောင်းကျမ်းမှာလည်း တမန်တော်ကြီးမိုးဇယ်နှင့် ပရော်ဖက်ကြီးဧလိယတို့ကိုလည်း အရက်လေးဆယ်တိုင်တိုင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်း၊ ၀ါရှောင်ခြင်းတို့ပြုလုပ်၍ ဘုရားသခင်နှင့်အတူ သန့်ရှင်းသောတောင်ပေါ်မှာ ရှိနေခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးအား ဘုရားသခင်၏နှုတ်ကပတ်တော်ကိုပြောကြားစေဖို့အတွက် ဘုရားသခင်ကိုယ်တော်တိုင် ပြင်ဆင်ပေးခဲ့တဲ့သဘောပါပဲ။ သို့မှာသာ ၎င်းတို့တတွေလည်း ဘုရားသခင်၏လူမျိုးတော်ကို သန့်ရှင်းဖြောင့်မတ်သောလမ်းအားဖြင့် မေတ္တာတရားနှင့်အတူ ဦးဆောင်နိုင်စေမှာဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဆီနာရီတောင်ပေါ်တွင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်းနှင့် ၀ါရှောင်ခြင်းတို့ပြုလုပ်နေချိန် ဘုရားသခင်ဟာ သူတို့အား နှုတ်ကပတ်တော်အားဖြင့် ကျွေးမွေးပြုစုခဲ့ပါတယ်။ ထို့ကြောင့် ခရစ်တော်က -လူသည်မုန့်အားဖြင့်သာ အသက်ရှိသည်မဟုတ်ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်တရားဖြင့်လည်း ရှင်သန်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ 

နှောက်ယှက်ခြင်းဆိုတာ ဓမ္မသစ်ကျမ်းအရ အဓိပ္ပာယ်နှစ်မျိုးရှိနေပါတယ် - ပထမတမျိုးဟာ မကောင်းမှု့ကို လိုလိုလားလားကျူးလွန်ချင်သောဆန္ဒဖြင့် ပို၍ဆိုးရွားစေသောအမှု့အရာကို ပြုလုပ်အောင် ဦးဆောင်နေပြီး၊ ဒုတိယတမျိုးကတော့ ကောင်းမှု့ကိုလုပ်ဖို့ရန် သတ္တိကြောင်၍ ဖြောင့်မတ်၊မှန်ကန်ခြင်းမှာ ရပ်တည်နိုင်ဖို့ အားနည်းလွန်းပြီး မိမိကိုယ်ကို မစင်ကြယ်နိုင်ခြင်း၊ အပြစ်မှမကင်းခြင်းပင် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကျနော်တို့တတွေဟာ ပထမတမျိုးကိုသာ အာရုံထားတာများပါတယ်။ သို့ပေမယ့်လည်း ပထမနှင့်ဒုတိယဟာ အမြဲဒွံတွဲနေပါတယ်။ ခရစ်တော်သခင်ခရစ်တော်အား မာရ်နတ်မှနှောက်ယှက်သည့်အခါ ဤနှစ်မျိုးစလုံးကို အသုံးပြုတာတွေ့ရပါတယ်။

ပထမနှောက်ယှက်ခြင်း။- မာရ်နတ်ဟာ ခရစ်တော်သခင်ရဲ့ မက်ဆီးယားသာသနာပြုရည်ရွယ်ချက်ကို ဖျက်စီးဖို့ ပျက်စီးရာပျက်စီးကြောင်း မရှာခဲ့ပါတယ်။ သို့ပေမယ့်လည်း ခရစ်တော်မှာရှိနေတဲ့ပင်ကိုယ် တန်ခိုးအစွမ်းအစကို မြှောက်ပင့်ကာ ဘုရားသခင်အား မနာခံဘဲ ပြန်လည်အာခံတတ်အောင် နှောက်ယှက်ခဲ့ပါတယ်။ တနည်းအားဖြင့် ယေဇူးခရစ်တော်သခင်၏ပင်ကိုယ် ဘုရားဇာတိအားဖြင့် အတ္တစိတ်ဝင်လာအောင် နှောက်ယှက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ဘ၀မှာလည်း ပါရမီကောင်းများစွာကို အချိန်အတိုင်းတာတစ်ခုအထိ ခိုင်ခိုင်မာမာကျင့်ကြံနိုင်ခဲ့ပြီးကာမှ မိမိအတ္တကိုအဆွခံရပြီး ကျင့်ခဲ့သမျှတရား မကောင်းတာမလုပ်ဘဲ ကောင်းတာလုပ်နေရင်းကိုပျက်ရတာတွေရှိတတ်ပါတယ်။ တနည်းအားဖြင့် မိမိတို့ရဲ့ ဖြောင့်မတ်၊မှန်ကန်ခြင်း ပါရမီတွေကို အတ္တအဖြစ်ပြောင်းလဲခံရသလို နှောက်ယှက်ခံရတာပါ။ ထိုနှောက်ယှက်ခြင်းမှ မကျော်လွှားနိုင်သူများဟာ ကောင်းရာလုပ်ဆောင်ရင်းကို အပြစ်မှမကင်းဖြစ်နေရပါတယ်။

ဒုတိယနှောက်ယှက်ခြင်း။-မာရ်နတ်ဟာ ခရစ်တော်အား ဒုက္ကစရိယာလမ်းမှရှောင်တိမ်းစေအောင် နှောက်ယှက်ပါတယ်။ ကားတိုင်လမ်းကို မလျှောက်လှမ်းစေဘဲ မိမိရဲ့အစွမ်းတန်ခိုးအားဖြင့် လောကစည်းစိမ်များ၊ အာဏာပါဝါများနှင့် အစိုးရနိုင်ကြောင်း နှောက်ယှက်ပါတယ်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း ကယ်တင်ခြင်းရည်ရွယ်ချက်ကို ဆန့်ကျင့်ကာ မာရ်နတ်ဘက်သို့ပါစေရန် နှောက်ယှက်ပါတယ်။ ကျနော်တို့တတွေလည်း ဒီနှောက်ယှက်ခြင်းက ပြေးမလွတ်ပါဘူး။ ခဏခဏကို ခံနေရတာပါ။ အထူးသဖြင့် အောင်မြင်မှု့ကို အငမ်းမရ ငတ်နေသူများ၊ ဘ၀တိုးတက်လမ်းဆိုတာနောက်မှာ အသည်းအသန်လိုက်နေသူများဟာ ယခုနှောက်ယှက်ခြင်းထဲမှာ ရောက်နေသူများပါပဲ။ မိမိကိုယ်တိုင်အမှန်တရားကို မြတ်နိုးပါလျက်နဲ့ ဘာကြောင့်များ တချို့တတွေဟာ သိသိကြီးနှင့်လိမ်လည်နေကြပါသလဲ။

တတိယနှောက်ယှက်ခြင်း။-ဘုရားရဲ့ပရော်ဖက်သာ ကျမ်းစာကို ကိုးကားအသုံးပြုကြတာမဟုတ်ဘဲ တခါတရံမာရ်နတ်လည်း ကျမ်းကိုးကားချက်အားဖြင့် နှောက်ယှက်တတ်တာကို တွေ့ရပါတယ်။ မာရ်နတ်က ယေဇူးခရစ်တော်အား ကျမ်းကိုးကားချက်အားဖြင့် စိန်ခေါ်ပြီး စမ်းကြည့်လေဆိုသည့်သဘောဖြင့် နှောက်ယှက်ပါတယ်။ ထို့မှ ခရစ်တော်လည်း ကျမ်းကိုးကား၍ ပြန်လည်ချေပခဲ့ပါတယ်။ ကျနော်တို့တတွေ - အထူးသဖြင့် ကျမ်းစာတွေ၊ တရားတွေ အမြဲထိတွေ့နေပြီး ဆုတ်ကိုင်နေလည်း နှောက်ယှက်ခြင်းရှိနေသးတာ သတိထားရပါလိမ့်မယ်။ တခါတရံ ကိုယ့်တရားနှင့်ကိုယ် ပြန်ရိုက်ခံရတတ်ပြီး တရားမာန၊ တရားအတ္တအားဖြင့် နှောက်ယှက်ခြင်းသို့ ကျပြီး တရားပျက်ရပါတယ်။ ထို့ကြောင့် မိမိယုံကြည်သက်ဝင်ကိုးကွယ်နေသည့် တရားအကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိကျွမ်းနေဖို့လိုပါလိမ့်မယ်။

မိတ်ဆွေ၊ ကျနော်တို့တတွေလည်း ထိုနှောက်ယှက်ခြင်းသုံးမျိုးကို ရင်ဆိုင်နေရသူများဖြစ်ပါတယ်။ တခါတရံ ဒုက္ခကိုရှောင်ဖို့၊ ဘ၀အောင်မြင်မှု့တွေရဖို့၊ စည်းစိမ်ချမ်းသာမှု့တွေရဖို့၊ အာဏာရဖို့၊ အစိုးရဖို့၊ စသဖြင့် ရုန်းကန်နေကြရင်း တရားပျောက်ပြီး ကျဆုံးနေရတာတွေရှိပါတယ်။ ဒုက္ခဆိုတာလည်း ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အမှန်တရားတစ်ခုအဖြစ်ရှိနေတဲ့အတွက် ရှောင်လွဲဖို့ထက် အောင်နိုင်ဖို့က ပို၍အရေးကြီးပါတယ်။ ကျနောတို့ ပုထုဇဉ်လူသားများအတွက် ဘ၀အခက်ခဲများ၊ နှောက်ယှက်ခြင်းများ၊ ဒုက္ခများကို ၀ိညာဉ်တော်ဘုရား၏ ဦးဆောင်မှု့အောက်မှလျှောက်လှမ်းလျှင် ခဏတာအောင်မြင်မှု့မဟုတ်ဘဲ ထာဝရအောင်မြင်မှု့ကိုပါ ဆွတ်ခူးနိုင်ပါလိမ့်မယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyinop

No comments:

Post a Comment

Designed By