Breaking News

About Me

Monday, December 7, 2015

မဟာဂရုဏာဂျူဗီလီနှစ်ကြီး


Misericordes sicut Pater - ဖခင်ကြီးကဲ့သို့ ဂရုဏာထားပါ။

Misericordia ဟူသော လာတင်ဝေါဟာရစကားလုံးကို ဂရုဏာဟူ၍ ဘာသာပြန်လိုက်ပါတယ်။ သို့သော်လည်း ခရစ်ယာန်တို့နားလည်တဲ့ ဂရုဏာတရားဟာ လာတင်ဘာသာစကားဖြစ်သည့် Miseria (သနားစဖွယ်ကောင်းခြင်း) နှင့် Cordia (နှလုံးသား) ဟူသော စကားလုံးနှစ်လုံးကိုပေါင်းစပ်ထားတာပါ။ ပထမ စကားလုံးဖြစ်သည့် Miseria (သနားဖွယ်ကောင်းခြင်း) ဟာ ကျွန်တော်တို့ လူသားအဖြစ်၊ အဖြစ်မှန်အခြေနေမှန်ကိုညွှန်ပြပေးနေပါတယ်။ အပြစ်ထဲမှာ ရှင်သန်နေထိုင်ရတဲ့ လူသားဖြစ်အင်ဟာ အလွန်ပင်သနားစဖွယ်ကောင်းလှပါတယ်။ အမှန်တကယ်ပါပဲ - ရှင်သန်ရနေရတာကိုပင် ဒုက္ခဟု သတ်မှတ်ရမယ့်အခြေနေပါပဲ။ မိမိကိုယ်စွမ်းဖြင့်လည်း မလွတ်မြောက်နိုင်တဲ့ မဟာဒုက္ခကြီးထဲက သနားစဖွယ်လေးတွေပါ။

သို့သော်လည်း ထာဝရဘုရားသခင်ဟာ သနားကြင်နာတတ်၍ ဂရုဏာတရား အလွန်ကြီးမားလှပါတယ်။ ထို့ကြောင့် ဒုတိယစကားလုံးဖြစ်သည့် Cordia (နှလုံးသား)ဆိုတာ ဘုရားသခင်ရဲ့နှလုံးသားကို ညွှန်ပြပေးနေပါတယ်။ ထာဝရဘုရားသခင်၏နှလုံးသားမှာ ချစ်မေတ္တာများပြည့်လျှံလွန်၍ နောက်ဆုံး ကျွန်တော်တို့လူသားများမထိုက်တန်သည့်အခြေနေတစ်ခု၊ ကယ်တင်ခြင်းကျေးဇူးတော်ကို ဂရုဏာအားဖြင့် ရက်ရက်ရောရောပေးနေတာပါ။

ထိုကြောင့် ဤမထိုက်တန်ပဲရရှိသည့်ကျေးဇူးတော် ဂရုဏာကို ကျွန်တော်တို့တတွေဟာလည်းပြန်လည်ဝေငှကြရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်တို့ဖခင်ကဲ့သို့ ဂရုဏာထားပါဟူ မိန့်ဆိုပါတယ် (လု ၆း၃၆)။ ဒုက္ခရောက်နေသူကို မျှဝေခံစားပြီး ကူညီပံ့ပိုးတတ်ခြင်းဟာ ဂရုဏာပါ (လု ၇း၁၃)။ ကိုယ့်ရဲ့ရန်သူကိုပင် သူနဲ့မထိုက်တန်ဘူးဟုတွေးမိသော်လည်း အကူညီပေးတာဟာ ဂရုဏာပါ (လု ၁၀း၃၃)၊ မိမိရဲ့သားဆိုးသမီးဆိုးများကိုလည်း ၎င်းတို့မထိုက်တန်ဘူးဟုတွေးမိသော်လည်း ပြန်လည်လက်ခံတာဟာ ဂရုဏာပါ (လု ၁၅း၂၀)၊ နောက်ဆုံး စေတနာဟာလူတိုင်းနှင့်မတန်ဟုတွေးမိသည့်တိုင်အောင် စေတနာဟာ လက်ခံသူထက် ပြုသူရဲ့ဂရုဏာကြောင့် ထိုက်တန်လာပါတယ်။

ထို့ကြောင့် ဤမဟာဂရုဏာဂျူဗီလီနှစ်ကြီးမှာ ကျွန်တော်တို့တတွေလည်း ကောင်းကင်ဘုံက ခမည်းတော်လိုပဲ မိမိတို့အချင်းချင်း၊ တစ်ပါးသူအပေါ်၊ နောက်ဆုံး မိမိတို့ရန်သူများအပေါ်မှာပင် ဂရုဏာတရားပွားများနိုင်အောင် ကြိုးစားရင်း ခမည်းတော်ရှင်၏ဘုန်းဂုဏ်တော်ကို ထွန်းတောက်စေဖို့ ကြိုးစားသွားကြပါစို့။

ဒိုမီနီကန်ကိုရင်

No comments:

Post a Comment

Designed By