Breaking News

About Me

Saturday, October 31, 2015

ရဟန္တာပေါင်းပွဲနေ့


သံမာတေဦး ၅း၁-၂ 

နိုဝင်ဘာလ တစ်ရက်နေ့ကို ရဟန္တာ၊သူတော်စင်များအပေါင်းပွဲနေ့အဖြစ် ကက်သလစ်အသင်းတော်ကြီးအတွင်းမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ပွဲတော်၏အခြေခံကျင်းပရခြင်းအကြောင်းရင်းမှာ ရောမခေတ်ကာလ အင်ပါယာလက်အောက်တွင် မိမိတို့အသက်တွေကို စတေးခံပြီး ခရစ်တော်ကို သက်သေခံခဲ့ကြသော ကျွန်ုပ်တို့၏ ရှေးဦးဘိုးဘေးများအားရည်းစူးပါတယ်။ ထို့ကြောင့် ပွဲတော်ဤပွဲတော်ကို ဓမ္မအာဇာနည်များအားလုံးပွဲနေ့ဟု ခေါ်ဆိုကြပါတယ်။ သို့သော်လည်း ယနေ့ခေတ်ကာလတွင် အသင်းတော်ကြီးအတွင်း ရဟန္တာ၊ သူတော်စင်များအားလုံးပွဲနေ့ကို ကျင်းပရာတွင် ယုံကြည်ခြင်းအတွက် အသက်စွန့်ခဲ့ကြသည့် ဓမ္မအာဇာနည်များသာ မကဘဲ အခြားသောပါရမီများနှင့် ခရစ်တော်ကိုသက်သေခံခဲ့ကြသူအားလုံး၊ လူသိ-လူမသိ ရဟန္တာသူတော်စင်များအားလုံးကို ရည်စူး၍ကျင်းပပါတယ်။ ထို့ကြောင့် အသင်းတော်၏အဆိုအရ- ရဟန္တာဆိုသည်မှာ ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိသူ မည်သူမဆိုကို ရဟန္တာဟုခေါ်ဆိုပါတယ်။ ဒါကိုက ကျွန်ုပ်တို့ ခရစ်ယာန်အားလုံး၏ခေါ်တော်မူခြင်းပင်ဖြစ်ပါတယ်။ တနည်းအားဖြင့် ခရစ်ယာန်အဖြစ်ခေါ်ခံရသောသူတို့ဟာ ရဟန္တာလမ်းစဉ်နှင့်အတူ ကောင်းကင်နိုင်ငံတော်မှာ ဘုန်းဂုဏ်တော်ဝင်စားပြီး ဘုရား၏သားသမီးများဟု ခေါ်ဆိုခံရဖို့ပင် ဖြစ်ပါတယ်။

ဘုရား၏သားသမီးများအဖြစ်အခေါ်ခံထိုက်သူတွေဟာ ဘယ်သူတွေလဲ။ ဒါမှမဟုတ် ကောင်းကင်နိုင်ငံတော်အမွေကို စံစားနေသူတွေဟာ ဘယ်သူတွေလဲ။ စစ်မှန်သည့်ခရစ်ယာန်တွေဆိုတာ ဘယ်လိုလူတွေလဲ။ 

ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်ဟာ ခရစ်တော်၏ပထမဆုံးသော သြ၀ါဒဖြစ်သည့် တောင်ပေါ်တရားဒေသနာမှကောက်နှုတ်ထားသည့် မင်္ဂလာတရားတော်ရှစ်ပါးပင် ဖြစ်ပါတယ်။ ထိုမင်္ဂလာတရားဟာ စစ်မှန်သည့်ခရစ်ယာန်ဖြစ်ဖို့အတွက် အဓိကလမ်းစဉ်တွေပင်ဖြစ်ပါတယ်။ အသင်းတော်၏သွန်သင်ချက် (CCC n. 1716)မှာ ဤမင်္ဂလာတရားရှစ်ပါးဟာ ခရစ်တော်၏တရားဒေသနာများ၏အနှစ်သာရ နှလုံးသားပင်ဖြစ်သည်ဟု ဖွင့်ဆိုပါတယ်။ ထို့အပြင် ဤမင်္ဂလာတရားရှစ်ပါးဟာ ခရစ်တော်၏ဂရုဏာမေတ္တာကို အကောင်းဆုံးနှင့် အထူးဖော်ကြူးနေပါတယ်။ ထို့အပြင် ခရစ်တော်၏ ဒုက္ကစရိယာခံယူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ ဆက်စပ်၍ သေမင်းကိုအောင်မြင်သည့်ဘုန်းဂုဏ်တော်မှာ ပါဝင်ကြဖို့ ဤမင်္ဂလာတရားရှစ်ပါးအားဖြင့် ဖိတ်ခေါ်နေပါတယ်။

တကယ်တော့ ဆင်းရဲခြင်းကို အဘယ်သူလိုချင်မလဲ။ ၀မ်းနည်းငိုကြွေးနေရခြင်းကို အဘယ်သူ နှစ်သက်မလဲ။ နှိမ့်ချနေရမယ့်အခြေနေကို အဘယ်သူတင်းတိမ်မလဲ။ ဆာငတ်နေရခြင်းကို အဘယ်သူ လိုချင်ပါ့မလဲ။အနစ်နာခံပြီး ပေးဆပ်နေရတာကို အဘယ်သူကျေနပ်နေနိုင်မလဲ။ ဒါတွေဟာ သာမန်အားဖြင့်ပြောရမယ်ဆိုရင် ကောင်းတဲ့အကြံပေးခြင်း၊ အကြံညဏ်တွေမဟုတ်လောက်ပါဘူး၊ ကုန်ကုန်ပြောရရင် မင်္ဂလာတရားတွေဟုပင် မထင်နိုင်ရပါဘူး။ သို့သော်လည်း  ဒါတွေကိုပဲ မင်္ဂလာတရားအဖြစ် ယနေ့ခရစ်တော်က အထူးအရေးပေးဟောပြောနေတယ်။ ထို့ကြောင့် အလျင်စလို မဖတ်ဘဲ ကောက်ချက်မချဘဲ ဖြည်းဖြည်းချင်းဖတ်ရှု့၍ မင်္ဂလာတရားရှစ်ပါးကို ထောက်ရှု့ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

(၁) အတွင်းစိတ်၌ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။ - ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့တတွေ၏ ဥစ္စာဓနဆင်းရဲခြင်း၊ စိတ်ဝေဒနာဆင်းရဲခြင်းတွေကို ဆိုလိုခြင်းမဟုတ်ပါဘူး။ သို့သော်လည်း မိမိတို့၏စိတ်ဓါတ်ရေးရာများ မဆင်းရဲဘဲ ခရစ်တော်ကဲ့သို့  မိမိတို့မှာရှိတာကို အခြားသူများအား ဝေမျှတတ်ဖို့၊ ပေးကမ်းတတ်ဖို့၊ အခြားသောသူတို့၏ဒုက္ခဝေဒနာတွေမှာ မျှဝေခံစားပေးဖို့၊ နားလည်းပေးတတ်ပြီး နှစ်သိမ့်တတ်ဖို့အတွက် မိမိတို့၏အတွင်းစိတ်ဆင်းရဲရသည့် ပါရမီကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။

(၂)၀မ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ - သူတို့သည်နှစ်သိမ့်ခြင်းခံရကြလိမ့်မည်။ မိမိဟာ ကောင်းတာလုပ်နေပါလျက် ကောင်းကျိုးမခံစားရလို့ ၀မ်းနည်းနေရလား။ ဘ၀မှာ ဘယ်လောက်ထိများ ၀မ်းနည်းနေရမလဲ - အဓိက ဘုရားကိုမေ့မထားဖို့လိုပါတယ်။ ထို့ဘ၀တွေမှာ နှစ်သိမ့်ပေးမယ့်ဘုရားရှိနေတာ ယုံကြည်ပါ။ 

(၃)စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။ - မြေကိုအမွေခံကြရလိမ့်မည်။ ခရစ်ယာန်တို့အမြဲတမ်း ကျင့်ကြံရမယ့်ပါရမီတစ်ခုက အစဉ်စိတ်နှလုံးနူးညံ့နေဖို့ပါပဲ။ သူရိုင်းလို့ကိုယ်က ပြန်ရိုင်းရတာပါဆိုလျှင် ကျွန်ုပ်တို့မှာတရားမရှိသေးလို့ပါပဲ။ သူကြင်မှကိုယ်ကြင်မယ်ဆိုတာ ခရစ်ယာန်ကျင့်စဉ်မဟုတ်ပါဘူး - ခရစ်ယာန်ကျင့်စဉ်ဟာ ကိုယ့်ပါးတစ်ဖက်ကိုအခြားသူကရိုက်လျှင်ပင် ကျန်တဲ့တဖက်ကို ပေးတတ်နေရမယ်ဟု ခရစ်တော်သွန်သင်ပါတယ်။

(၄)ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်နေသူတို့သည် မင်္ဂလာရှိကြ၏။ - လိုအင်ဆန္ဒပြည့်ဝကြလိမ့်မည်။ တရားလမ်းကိုလျှောက်လှမ်းဖို့ အဓိကအခြေခံကျသည့်ပါရမီဟာ ဖြောင့်မတ်ခြင်းပါပဲ။ ဖြောင့်မတ်ခြင်းဆိုတာ အမှန်တရားလမ်းပေါ်မှာ မားမားမတ်မတ်ရပ်တည်ပြီး ဘက်လိုက်ခြင်းမရှိသည့် သမာဓိတရားပင်ဖြစ်ပါတယ်။ ဤတရားဟာ ပြည့်စုံသည့်ခရစ်ယာန်တရားတော့မဟုတ်သေးသော်လည်း ဤတရားမပါဘဲ ခရစ်ယာန်တရားဆက်ကျင့်ဖို့မဖြစ်နိုင်ပါဘူး။

(၅)သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏ - သနားခြင်းပြန်ခံရလိမ့်မည်။ ဤပါရမီဟာ ခရစ်တော်အထူးဟောပြောခဲ့သည့်မေတ္တာတရားနှင့်နီးစပ်နေပါတယ်။ ဆာလံ ၁၃၀ မှာ ဆိုထားသလိုပဲ - ကိုယ်တော်သည်အပြစ်များကို ရေးမှတ်တော်မူလျှင် အဘယ်သူခံနိုင်မည်နည်း။ တနည်းအားဖြင့် ဖြောင့်ဖြောင့်မတ်မတ်ကြီးစီရင်မည်ဆိုလျှင် ဘယ်သူကယ်တင်ခြင်းရမည်နည်း။ ထို့ကြောင့် သနားဂရုဏာအားဖြင့်သာ အကျွန်ုပ်တို့အားလုံး ကယ်တင်ခြင်းကို ကမ်းလင့်ခံရခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန်ဖြစ်သည့်အလျောက် သနားကြင်နာတတ်ရပါလိမ့်မယ်။

(၆)စိတ်နှလုံးဖြူစင်သူတို့သည် မင်္ဂလာရှိကြ၏။ - ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။ ဘုရားသခင်သည် သန့်ရှင်းစင်ကြယ်လွန်းသည့်အတွက် ကျွန်ုပ်တို့တတွေဖူးမျှော်ဖို့ရန် သန့်ရှင်းနေမှဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် စင်ကြယ်လော့ဟု ခရစ်တော်မိန့်ဆိုလေ့ရှိပါတယ်။ စိတ်နှလုံးဖြူစင်သူတွေဟာ မိမိကိုယ်ကို အမြဲသန့်စင်နေသူများဖြစ်ပါတယ်။ ကျွန်ုပ်တို့တတွေလည်း မိမိကိုယ်ကို တရားတော်အားဖြင့် အမြဲကြိုးစားသန့်စင်နေရပါလိမ့်မယ်။

(၇) ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သူတို့သည်မင်္ဂလာရှိကြ၏။ - ဘုရား၏သားသမီးများဟု ခေါ်ခံရလိမ့်မယ်။ ဘုရား၏သားသမီးများဖြစ်ဖို့ ကျွန်ုပ်တို့တတွေကြိုးစားနေကြတာပဲ။ ကမ္ဘာကြီးတစ်ခုလုံးမဆိုထားနှင့် - မြန်မာနိုင်ငံမှာပင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူတွေ အလွန်နည်းနေပြီး ကိုယ့်ကျိုးအတွက်၊ ကိုယ့်သိက္ခာ၊ မာနတွေအတွက်သာ ယောင်ပြလှုပ်ရှားနေကြသူတွေက များနေပါတယ်။ ထို့ကြောင့်လည်း အချိန်ကာလက သက်သေပြနေပါတယ်။ နှစ်ပေါင်း ၆၀ကျော်တာတောင် အိမ်တွင်းရေးပြသနာများ ဖြေရှင်းမရသေးဘဲဖြစ်နေရပါတယ်။ အခြားသောဘာသာကြီးတစ်ခု၏လွှမ်းမိုးမှု့အောက်မှာ ရှင်သန်ရသည့် ခရစ်ယာန်များအဖို့ ငြိမ်းချမ်းကို အထူးဆောင်ရွယ်ပေးဆပ်ဖို့လိုအပ်နေပါပြီ။ ခရစ်ယာန်စိတ်ဓါတ်ဖြင့် ကြိုးပမ်းဆောင်ရွယ်ဖို့လိုအပ်နေပါပြီ။ ဘုရားသားသမီးတွေဆိုတာ အကောင်းဆုံးသက်သေခံသင့်ပါပြီ။

(၈) ဖြောင့်မတ်ခြင်းတရားအတွက် ညှင်းပမ်းနှိပ်စက်ခံရသူတို့သည်မင်္ဂလာရှိကြ၏။ -ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်လိမ့်မည်။ ဖြောင့်မတ်ရာကိုပြောပြီး အမှန်တရားအတွက်လုပ်ဆောင်လို့ အာဏာရှင်အချို့ရဲ့ စနစ်ရန္တာယားတွေပျက်စီးလို့ ညှင်းပမ်းနှိပ်စက်၊ အစဖြောက်ခံနေရသလား။ အချို့သော အခွင့်ရေးသမားများ၏ ရန်သူအဖြစ်သတ်မှတ်ခံရကာ ညှင်းပမ်းနှိပ်စက်ခံနေရလား၊ ဆက်လျှောက်ပါ - ခရစ်တော်သွန်သင်ချက်အတိုင်း ခွန်အားယူပြီး ဆက်လျှောက်ကာ ကမ္ဘာလောကသားတွေကို အာဇာနည်စိတ်ဓါတ်ဖြင့် အလင်းပြဖို့ သတ္တိရှိပါ။ 

မိတ်ဆွေ၊ အထက်ပါ တရားတွေဟာ ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် မင်္ဂလာတရားတွေပါပဲ။ မင်္ဂလာ (Beatitudes) ဆိုတာ ပျော်ရွှင်ခြင်း -စစ်မှန်သောပျော်ရွှင်ခြင်း (သို့) ကောင်းကြီးတော်ပြည့်စုံသည့်ဘ၀ဟုဆိုပါတယ်။ ထိုမင်္ဂလာတရားတော်များအားဖြင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်၏ ကယ်တင်ခြင်းလမ်းစဉ်ကို မြင်တွေ့သိရှိလာကြမှာဖြစ်ပါတယ်။ ဘုရားကို သိခြင်း၊ တွေ့ခြင်းဟာ မေတ္တာတရားပေါ်မှာ ရောင်ပြန်နေပါတယ်။ ထိုပုဂ္ဂိုလ်တွေကို ဘုရားရဲ့သားသမီးများဟု ခေါ်ဝေါ်ကြပါတယ်။ သို့ဖြစ်၍ မင်္ဂလာရှိစေရာအကြောင်းလည်းဖြစ်လာပါတယ်။ ၎င်းပုဂ္ဂိုလ်တို့၏ မင်္ဂလာရှိခြင်းဟာ ဘုရားသခင်၏ဘုန်းဂုဏ်တော်ထင်ရှားစေရာအကြောင်းလည်းဖြစ်ပါတယ်။ 

ခရစ်တော်သခင်သည် မင်္ဂလာရှိပါ၏။ အဘယ်ကြောင့်ဆိုသော် ဤမင်္ဂလာတရားရှစ်ပါးကို အပြောဖြင့်မဟုတ်ဘဲ လက်တွေ့ဘ၀ဖြင့် သက်သေခံဟောပြောခဲ့သောကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့်လည်း သံပေါလူးက သူ့ကို ခမည်းတော်ဘုရားမှ သေခြင်းမှထမြောက်စေခဲ့ပြီး မွေးဖွားခြင်းခံသူတို့အထဲမှ သားဦးဖြစ်စေခဲ့သည်ဟု ဆိုပါတယ်။ ချစ်စွာသော ယုံကြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့လည်း ခရစ်တော်၏မင်္ဂလာတရားတော်ရှစ်ပါးကို လိုက်နာကျင့်ကြံလျှောက်လှမ်းရင်း ဘုရား၏သားသမီးများအဖြစ် ကောင်းကင်နိုင်ငံတော်ကို ခရစ်တော်သခင်နှင့်အတူ စံစားနိုင်ရအောင် အစဉ်ကြိုးစားသွားကြပါစို့။ ၎င်းကျင့်စဉ်များအတွက် လိုအပ်သော ခွန်အားကျေးဇူးတော်များကို ရဟန္တာသူတော်စင်များအားလုံးနှင့်အတူပေါင်းစည်း၍ ခမည်းတော်ဘုရားထံမှာ ခရစ်တော်အားဖြင့် တောင်းလျှောက်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment

Designed By