Breaking News

About Me

Saturday, September 26, 2015

၂၇ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


သံမာကု ၉း၃၈-၄၃၊၄၅၊၄၇-၄၈
ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်အား ယောဟန်က - အရှင်၊ အကျွန်ုပ်တို့ထဲက မဟုတ်သည့်လူတစ်ဦးဟာ ကိုယ်တော်၏နာမတော်ကိုအသုံးပြု၍ နတ်ဆိုးများကို နှင်ထုတ်နေသည်ကို တွေ့သဖြင့် ထိုသူ့ကိုရပ်တန့်ဖို့ တပည့်တော်တို့ကြိုးစားခဲ့ပါတယ် ဟုလျှောက်တင်ပါတယ်။ ထိုအခါ ယေဇူးသခင်က - ထိသူ့ကို မင်းတို့မရပ်တန့်ကြနှင့်။ ငါ၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများပြုလုပ်သူဟာ ငါ့ကိုမကောင်းပြောမည်မဟုတ်ဘူး။ ငါတို့ကိုမဆန့်ကျင်သောသူတိုင်းဟာ ငါတို့ဘက်တော်သားပဲ ဟုတုန့်ပြန်ခဲ့ပါတယ်။

ဓမ္မမိတ်ဆွေများခင်ဗျာ - ယနေ့တရားတော်မှာ ခရစ်တော်သခင်က ကျွန်ုပ်တို့လူသားတို့၏ အတွင်းစိတ်၌ ကိန်းအောင်းနေတတ်သည့် မနာလို၊ သ၀န်တိုခြင်းညဉ်ကို တည့်တည့်ထောက်ပြနေပါတယ်။ ခရစ်ယာန်ပီသစွာကျင့်ကြံနေထိုင်ဖို့အတွက်၊ စစ်မှန်တဲ့ခရစ်ယာန်စိတ်ထားရှိဖို့အတွက် ထိုမနာလို၊ သ၀န်တိုခြင်းတွေကို မိမိတို့နှလုံးသားထဲမှာ အမြစ်ပါဆွဲနှုတ်ပစ်ရမယ်လို့ သွန်သင်ပေးခြင်းဖြစ်ပါတယ်။ မနာလို၊ သ၀န်တိုခြင်းဟာ ကျွန်ုပ်တို့တွေအတွက် အင်မတန်မှဆိုးလှပါတယ် - မုန်းတီးခြင်းထက်ပို တခါတရံပိုဆိုးနေတတ်ပါတယ်။
တပါးသူဟာ ကောင်းကြိုးတွေကို ဆောင်ရွက်နေလျှင်လည်း မနာလိုဝန်တိုခြင်းကြောင့် ပီတီဖြစ်ရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့စိတ်ဆင်းရဲနေကြရတယ်။ တပါးသူဟာ အလှူဒါနအားဖြင့် ကုသိုလ်ပြုနေသည့်အတွက် ထိုကုသိုလ်အပေါ်အမျှပီတိခံစားရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ မနာလိုဝန်တိုခြင်းကြောင့် အကုသိုလ်ဝင်ကာ စိတ်ဆင်းရဲနေကြရတယ်။ တပါးသူဟာ အောင်မြင်ကြီးပွားနေတဲ့အတွက်ကြောင့် အတုယူထိုက်သော်လည်း မိမိတို့မနာလိုဝန်တိုခြင်းကြောင့် အတုမယူနိုင်ဘဲ လမ်းလွဲနေရကာ အောင်မြင်မှု့နှင့်ဝေးကွာနေတတ်ပြန်ပါတယ်။ တပါးသူဟာ လူတော်လူကောင်းဖြစ်နေပြီး မိမိတို့လူ့အဖွဲ့အစည်းပတ်ဝန်းကျင်အတွက် အားကိုးထိုက်သူဖြစ်သော်လည်း မိမိတို့၏မနာလိုဝန်တိုခြင်းတွေကြောင့် ထိုအားကိုးထိုက်သူမှလွဲဖယ်ကာ အားကိုးမထိုက်သူကို အားကိုးနေရပြီး မိမိတို့ဘ၀တွေ နိမ့်သထက်နိမ့်နေတတ်ရပါတယ်။ ပို၍ပို၍ဆိုးသည်မှာ ပြောင်းလဲချိန်တန်မှန်းသိသော်လည်း မိမိတို့၏မနာလိုဝန်တိုခြင်းကြောင့် မပြောင်းလဲဘဲ လူမှု့ဘ၀အားလုံး မတိုးတက်သည့် အခြေနေမှာ တင်းတိမ်နေတတ်တာပါပဲ။

ဓမ္မမိတ်ဆွေများခင်ဗျာ- မိမိတို့ကိုယ်တိုင်လည်း ပြန်လည်စမ်းစစ်ကြည့်ဖို့လိုပါလိမ့်မယ်။ မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ မိမိထက်သာ၍ ကောင်းကြိုးတွေကို ဆောင်ရွက်နိုင်သူအပေါ် မိမိဘယ်လို ရှု့မြင်နေတတ်သလဲ။ တပါးသူ၏အလှူဒါနကုသိုလ်အရေးမှာ မိမိစိတ်ပီတိဝေေ၀ခံစားမိရဲ့လား။ တပါးသူ၊ မိမိသူငယ်ချင်းတစ်ယောက် အောင်မြင်ကြီးပွားနေတာကို အတုယူဖို့ စိတ်ကူးမိရဲ့လား ဒါမှမဟုတ် သူနဲ့မတူရာလမ်းစဉ်ကို မနာစိတ်နဲ့ ရွေးချယ်တတ်ပါသလား။ မိမိ၏လူမှု့အသိုင်းအ၀ိုင်းတစ်ခုလုံး တိုးတက်မြင့်မားလာဖို့အတွက် အားကိုးထိုက်သူကိုတွေ့ပြီး အမှန်တကယ်အားကိုးဖို့ ဆုံးဖြတ်နိုင်ပြီလား။ ဒါမှမဟုတ် အရင်လိုဘ၀မျိုးမှာပဲ ဆက်ပြီးတင်းတိမ်နေမလား။ စဉ်းစားကြည့်ဖို့ လိုပါပြီ။

မိမိနှင့်အတူ ခံယူချက်တွေ၊ ယုံကြည်ချက်တွေတူညီမှ ထိုသူဟာ မိမိတို့ရဲ့ဘက်တော်သားလို့ လက်ခံကြမလား။ တခါတရံ မိမိတို့နှင့် ခံယူချက်တွေ၊ ယုံကြည်ချက်တွေ မတူကွဲပြားကြသော်လည်း ထိုသူတို့ဟာ မိမိတို့ကောင်းကြိုးအတွက် စိတ်ရင်းစေတနာအခံတွေနဲ့ ရည်ရွယ်ချက်ကောင်းကောင်းဖြင့် လုပ်ဆောင်ပေးတတ်ကြတယ်ဆိုတာ ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။ တကယ်တော့ မိမိတို့အကျိုးအတွက် တမင်ရည်ရွယ်ပြီးလုပ်ပေးသည်ဖြစ်စေ၊ မရည်ရွယ်ပဲ တိုက်ဆိုင်မှု့အရပဲဖြစ်စေ မိမိတို့အကျိုးခံစားရလျှင်၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအကျိုးခံစားရလျှင်၊ ထိုသူဟာ မိမိတို့၏ဘက်တော်သားပါပဲ။ သို့သော်လည်း ထိုသူ၏လုပ်ရပ်တွေကို သာဓုခေါ်ဆိုနိုင်ဖို့ မိမိတို့မှာ မနာလိုဝန်တိုခြင်းစိတ်ဖျောက်ထားနိုင်မှသာ ဖြစ်ပေလိမ့်မယ်။

ယခုရက်အတွင်း အမေရိကားသို့ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏လည်ပတ်မှု့မှာ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရိုက်ခပ်နေသလို၊ အရှင်သူမြတ်ကြီး၏မိန့်ခွန်းတွေဟာလည်း ကက်သလစ်ခရစ်ယာန် ခေါင်းဆောင်ကြီးများနှင့် ကက်သလစ်ခရစ်ယာန်များ မဟုတ်သည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးများ၏ ရင်ကိုရိုက်ခပ်နေပါတယ်။ အရှင်သူမြတ်ကြီးက ဘာတွေဟောပြောမိန့်ဆိုနေပါသလဲ။ အရှင်သူမြတ်ကြီးဟာ မိမိနှင့်ယုံကြည်ချက်တူမှာသာလျှင်ဆိုတဲ့ ခံယူချက်မဟုတ်ဘဲ မိမိနှင့်ယုံကြည်ချက်မတူသော သူများအားလုံးကိုလည်း ဘုရားသခင်၏မေတ္တာတော်ကို ဝေမျှရင်း လူသားထုကြီးတစ်ခုလုံး၊ ကမ္ဘာကြီးတစ်ခုလုံး အကျိုးရှိစေဖို့၊ တန်းတူခံစားနိုင်ကြဖို့၊ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြဖို့၊ လူ့အခွင့်အရေးတွေ အားလုံးကိုယ်စီရရှိကြဖို့၊ အချင်းချင်းရိုင်းပင်းကူညီတတ်ကြဖို့၊ အထူးသဖြင့် ဆင်းရဲသားတွေကို ဖေးမကူညီပံ့ပိုးပေးကြဖို့နှင့်အတူ အရေးအကြီးဆုံးများမှာ မိမိတို့၏ မာန်မာန၊ အတ္တတွေ၊ မနာလိုဝန်တိုခြင်းတွေကို အမြစ်ဖျက်ပစ်ကြပြီး အတူတကွ စိတ်ရင်းအမှန်နဲ့ လက်တွဲညီညီထားကြဖို့ ဟောပြောမိန့်ဆိုပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ - မနာလိုဝန်တိုခြင်းဟာ ချစ်ခြင်းမေတ္တာ၏ဆန့်ကျင့်ဘက်မှာ ဆိုးရွားစွာရပ်တည်နေပါတယ်။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိပါ ဟုသံပေါလူးက အသေအချာသွန်သင့်သလို၊ သံပေတရူးကတည်း (၁ပေ ၂း၁)မှာ မနာလိုခြင်း၊ ငြူစူခြင်း၊ မလိုမုန်းထားခြင်း စိတ်တွေကို လုံးဝဖယ်ရှားပစ်ဖို့သွန်သင်ပေးခဲ့ပါတယ်။ ဆေးပညာရှု့ထောင့်မှကြည့်မိဆိုလျှင်လည်း မနာလိုခြင်းရှိသူများဟာ မိမိတို့စိတ်ငြိမ်သက်ခြင်းဘယ်တော့မှမရှိဘဲ၊ စိတ်လှုပ်ရှားမှု့ အင်မတန်ကြီးမားနေတတ်ပြီး ကျန်းမာရေးအတွက်ထိခိုက်နိုင်စေပါတယ်။ ထို့ကြောင့် လူတိုင်းကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် ၀ိတိုရိယကြေငြာစာတမ်းမှာ (၁) နည်းလမ်းကျကျစားသောက်ပါ။ (၂) သင့်တော်သည့်အားကစားလုပ်ပါ။ (၃) ဆေးလိပ်ဖြတ်၊ အရက်လျော့သောက်ပါ။ (၄) စိတ်နေစိတ်ထား တည်ငြိမ်မျှတပါဟူ လမ်းညွှန်ထားပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ - ကျွန်ုပ်တို့တတွေလည်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာ နေထိုင်ပြီး မှန်ကန်တဲ့ဘ၀အသက်တာမှာ ခရစ်တော်၏တရားတော်၌မွေ့လျော်ရင်း မိမိတို့အတွင်းစိတ်မှာ ကိန်းအောင်နေတဲ့ မနာလိုဝန်တိုခြင်းစိတ်အား အမြစ်ဖြတ်၍ မိမိတို့နှင့် ခံယူချက်တွေ၊ ယုံကြည်ချက်တွေ မတူသော်လည်း အစဉ်လက်တွဲနိုင်စွမ်းရှိနေပြီး ကမ္ဘာ့ပတ်ဝန်းကျင်သဘာဝများကို အတူတကွ လက်တွဲထိန်းသိမ်းသွားကြကာ၊ လူသားအချင်းချင်း လေးစားတန်ဖိုးထားပြီး ဆင်းရဲသားများနှင့် အပယ်ခံလူများအတွက် ရပ်တည်ပေးရင်း တရားမျှတ၍ မေတ္တာတရားလွှမ်းမိုးသော လူမှု့အသိုင်းအ၀ိုင်း ကမ္ဘာဖြစ်ဖို့အတွက် အစဉ်ကြိုးစားသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment

Designed By