Breaking News

About Me

Saturday, April 18, 2015

တတိယမြောက်ပါစကားတနင်္ဂနွေနေ့



သံလုကာ ၂၄း ၃၅-၄၈ 
ဧ၀ံဂေလိတရားတော်မှာ ရှင်ပြန်ထမြောက်ပြီးသော ယေဇူးခရစ်တော်၏ နောက်ထပ်ကိုယ်ထင်ရှားပြခြင်း အကြောင်းကို ကျမ်းရေးပုဂ္ဂိုလ်ကြီး သံလုကာမှ မှတ်တမ်းတင်ရေးသားထားသည်ကို ကြားနာရပါတယ်။ ဤသို့ကိုယ်ထင်ရှားပြခြင်းမတိုင်ခင်ကလည်း တပည့်တော်ကြီးအချို့ကို ထင်ရှားပြထားပါတယ်။ ဒါကြောင့် ကြုံတွေ့ခဲ့ရတဲ့ တပည်တော်ကြီးတွေက ထိုအကြောင်းအရာတွေကို ပြန်လည်ပြောဆိုနေကြချိန်မှာပဲ ခရစ်တော်ဟာ ၎င်းတို့အလည်မှာ ရောက်ရှိခဲ့ပါတယ်။ ထို့နောက် “သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေ သတည်း” ဟုနှုတ်ဆက်လိုက်ပါတယ်။ သို့ပင်သော်လည်း တပည့်တော်ကြီးများဟာ တစ္ဆေကို မြင်ရသည်ဟု ထင်မှတ်ကာ ကြောက်ရွံ့ခဲ့ကြပါတယ်။ ဒါဟာ အကြီးမားဆုံးသော ယုံမှားသံသယဖြစ်ခြင်းပါပဲ။ ထို့ကြောင့် ယေဇူးခရစ်တော်က သူသည် ရှင်ပြန်ထမြောက်ပြီးလည်း ခန္တာကိုယ်နှင့်အတူ ရှင်ပြန်ထမြောက်ခြင်း ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ တစ္ဆေမှာ ထိုသို့ခန္တာကိုယ်မရှိဘဲ ခရစ်တော်၌သာ ခန္တာနှင့် အပြည့်အစုံ ရှင်ပြန်သူဖြစ်ကြောင်း စမ်းသပ်ကြည့်ရှုစေပါတယ်။ ထို့အပြင် ခရစ်တော်က ငါးကင်တစ်ပိုင်းကိုပင် စားပြခဲ့ပြန်ပါတယ်။ တပည့်တော်ကြီးများလည်း ၀မ်းမြောက်၍ မယုံကြည်နိုင်အောင်ဘဲ အံ့အားသင့်ခဲ့ရပါတယ်။

ရှင်ပြန်ထမြောက်ခြင်းဟာ အမြဲတမ်း အံ့အားသင့်စရာအဖြစ်တစ်ခုပါပဲ။ ယေဇူးခရစ်တော်က ကျွန်တော်တို့တတွေကို မမျှော်လင့်မိတဲ့အံ့အားသင့်မှု့တွေနဲ့ ကယ်တင်ခဲ့တယ် - မမျှော်လင့်မိတဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့နှလုံးသားတွေကို တို့ထိတယ်။ ဒါတွေဟာ ကယ်တင်ခြင်းသမိုင်းမှာ တကယ်ဖြစ်ခဲ့တာပါပဲ။ ကျွန်တော်တို့ယုံကြည်ခြင်း၏ ဖခင်ကြီးအာဗြဟံဟာ တောင်ပေါ်သို့တက်ရင်း သူ၏တစ်ဦးတည်းသော သားငယ်ကိုပူဇော်ရတော့မှာပဲလို့ တွေးတောနေစဉ်မှာပဲ နောက်ဆုံးတော် ဘုရားသခင်ကိုယ်တိုင်က သူ့ထံပူဇော်ဖို့အတွက် သူကိုယ်တိုင်ဖန်တီးပေးခဲ့တယ်။ တမန်တော်ကြီးမိုးဇယ်လည်း အီစ္စရာအဲလ်လူမျိုးတွေကို ဖာရောဘုရင်လက်ကနေ ကယ်တင်ထွက်ပြေးလာချိန် ပင်လယ်အရောက် ရန်သူအမှီမှာ အားလုံးအသတ်ခံရတော့မှာပဲ - ဒါဟာ ခရီးအဆုံးလို့ ကောက်ချက်ချလိုက်ချိန်မှာပဲ ဘုရားသခင်က ပင်လယ်ကြီးကိုနှစ်ခြမ်းကွဲစေပြီး ရန်သူလက်ကနေ လွတ်မြောက်စေပြီး ကယ်တင်ခြင်းခရီးစဉ်ကို ဆက်စေခဲ့ပါတယ်။ ယနေ့ကျွန်တော်တို့ဘ၀ အခြေအနေ နေရာတွေမှာလည်း ကယ်တင်ရှင်ခရစ်တော်ဟာ တက်ကြွစွာ ကူညီပေးနေပြီး အမြဲအံ့အားသင့်စေကာ ၀မ်းမြောက်စေပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့ဘ၀မှာ ရှင်ပြန်ထမြောက်ခြင်းကို ကြုံတွေ့ဖူးဖို့ ကျွန်ုပ်တို့ သေဆုံးဖူးပါသလား။ ရှင်ပြန်ထမြောက်တယ်ဆိုတာ သေဆုံးခြင်းမရှိဘဲ၊ သေဆုံးခြင်းကို မဖြတ်ကျော်ဘဲ မကြုံဖူးနိုင်ပါ။ ဇီဝခန္တာအတိုင်းတော့ ကျွန်ုပ်တို့ကိုယ်တိုင် ကြုံဖူးမည်မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့ ဘ၀မှာ အကြိမ်ပေါင်းများစွာသေဆုံးနေတဲ့ မိတ်ဆွေတွေကိုတွေ့ဖူးပါလိမ့်မယ်။ မိမိကိုယ်တိုင်လည်း သေဆုံးဖူးပါလိမ့်မယ်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့တတွေ ရှင်ပြန်ထမြောက်ခြင်းကိုလည်း မြည်းစမ်းကြည့်လို့ ရပါပြီ။ ဘ၀မှာ ထိုသို့မြည်းစမ်းဖူးသူများလည်း ဒုနဲ့ဒေးပါပဲ။ ထို့အတူပဲ ဘ၀သေဆုံးနေသူများလည်း ဒုနဲ့ဒေးပါပဲ။ ဒါတွေဟာ ကျွန်တော်တို့မျက်ကွယ်ပြုလို့မရတဲ့ အမှန်တွေပါပဲ။ ထို့အတူ ကျွန်တော်တို့ ပါဝင်ဖြေရှင်းကူညီခြင်းအားဖြင့် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် ကယ်တင်ခြင်းတရားတော်ကို ဝေမျှသက်သေခံကြရမှာ ဖြစ်ပါတယ်။ ဒီအတွက်ပင် ခရစ်ယာန်များဟု ခေါ်ဆိုခံကြရခြင်း ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာကြီး သိပ်ကိုတိုးတက်ပါတယ်။ သို့ပေမယ့်လည်း ဘယ်လိုပုံမျိုးနဲ့ ထိုတိုးတက်ခြင်းကို တိုင်းတာရမလဲဆိုတာ ဝေခွဲမရသလိုပါပဲ။ ကမ္ဘာကြီးဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေမှာ တိုးတက်လွန်းတာတော့ သိသာထင်ရှားလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ၀ိညာဉ်ရေးရာတွေမှာတော့ ပို၍ပို၍အားနည်းလာနေပါတယ်။ သိပ္ပံနှင့် နည်းပညာတွေမှာလည်း Objective အနေဖြင့် တိုးတက်နှုန်းတွေမြင့်တက်လာသော်လည်း မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ Subjective အနေဖြင့်တော့ တချို့ဘ၀အဓိပ္ပာယ်တွေပျောက်သည့်တိုင်အောင် အားနည်းပျောက်ဆုံးလာပါတယ်။ ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်မှာ အသက်ရှင်လျက် သေဆုံးနေသူများစွာ ရှိပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ယုံကြည်ချက်တွေပျောက်၊ မျှော်လင့်ချက်တို့သေဆုံး၊ ချစ်ခြင်းမေတ္တာ လုံးဝဆာလောင်နေသူများစွာ ရှိနေပါတယ်။ မျက်စိတချက်ဖွင့်ကြည့်လို့ နားတဖက်စွန့်ကြည့်လိုက်ပါ။ ကျွန်တော်တတွေ အံ့အားသင့်စရာကောင်းလောက်အောင် မှန်နေတာကို ငြင်အားဖို့အင်အားရှိမယ် မဟုတ်ပါဘူး။ ထိုအံ့အားသင့်စရာကောင်းတဲ့ အဖြစ်မှန်တွေကို ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်း အံ့အားသင့်စရာဖြင့် ကျွန်တော်တို့ခရစ်ယာန်တွေ ကုစားပေးရလိမ့်မယ်။

ခရစ်တော်ဟာ ယနေ့အထိ အသက်ရှင်နေပြီး နောင်ကာလအစဉ်အဆက်ဆက် အသက်ရှင်နေမည့်သူပါ။ ကိုယ်တော်၏ဧ၀ံဂေလိတရားတော်များဟာလည်း အမြဲရှင်သန်နေသည့် လမ်းပြတာရာပါပဲ။ ဘ၀အတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်တဲ့ ပထမ - ယုံကြည်ခြင်း၊ ဒုတိယ - မျှော်လင့်ခြင်း၊ နှင့် တတိယ- ချစ်ခြင်းမေတ္တာဆိုသည့် အမြင့်ဆုံးသောပါရမီများကိုလည်း ကျွန်တော်တို့တတွေအတွက် ပေးခဲ့ပါတယ်။ ကျွန်တော်တို့တတွေလည်း ခရစ်ယာန်များဖြစ်သည့်အလျောက် ရှင်ပြန်ထမြောက်သော ခရစ်တော်ဆရာသခင်လို အမြဲရှင်ပြန်ထမြောက်နေသူများဖြစ်နေရပါမယ်။ မိမိတို့၏ယုံကြည်ခြင်းမှာ ခိုင်မာစွာ အသက်ရှင်နေရပါမယ်။ မျှော်လင့်ခြင်းဖြင့်လည်း ရှင်သန်တဲ့ဘ၀ဖြင့် လျှောက်လှမ်းရမယ်။ ချစ်ခြင်းမေတ္တာဖြင့် ပြုမူရှင်သန်ရင်း ခရစ်ယာန်ဘ၀အသက်တာကို အကောင်းဆုံး သက်သေခံရပါမယ်။ ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့အသက်ဆက်လက်ရှင်သန့်ဖို့နှင့် ထာဝရအသက်ရှင်သန့်ဖို့ အကောင်းဆုံး ဆေးပါ။ ဘုရားသခင်ကိုယ်တိုင် ထိုဆေးဖြစ်နေ၍ ကျွန်ုပ်တို့မှီဝဲရန် လိုအပ်ပါတယ်။ ဤဆေးကို မှီဝဲပြီး ယနေ့ကမ္ဘာမှာ ထာဝရအသက်ရှင်နေသူများစွာ တွေ့မြင်နိုင်ပါတယ်။ ဥပမာ- မာသာရ်ထရေးဇားနှင့် ရဟန္တာသူတော်စင်အပေါင်းတို့ပင် ဖြစ်ပါတယ်။ 

မိတ်ဆွေ၊ ကျွန်တော်တို့တတွေလည်း ဘ၀အဓိပ္ပာယ်ပျောက်ဆုံးနေပြီး ဘ၀သေဆုံးနေသူများ ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘ၀သေဆုံးနေလျှင်လည်း ယေဇူးခရစ်တော်ထံချည်းကပ်ပါ။ ကျွန်ုပ်တို့၏မိတ်ဆွေများဘ၀ သေဆုံးနေလျှင်လည်း သူ့ထံ ညွှန်ပြလိုက်ပါ။ သူ့ထံသို့ ခေါ်ခဲ့ပါ။ သူဟာ ကျွန်ုပ်တို့အားလုံးကို အစဉ်အမြဲဖိတ်ခေါ်နေသူပါ။ နောင်တတရားနှင့် ခွင့်လွတ်ခြင်းတရားကို အပြည့်အ၀ကမ်းလင့်ကာ အားလုံးကို သဟာဇာတအဖြစ်အခြေနေသို့ အစဉ်အမြဲဖိတ်ခေါ်နေပါတယ်။ ကျွန်တော်တို့တတွေဟာလည်း ထိုနောင်တတရားနှင့် ခွင့်လွတ်ခြင်းတရားကို ဆက်လက်ဟောပြော သက်သေခံကျင့်ကြံရင်း အချင်းချင်းအပြင် တပါးသူများလည်း သဟာဇာတအဖြစ်အခြေနေသို့ ရောက်ရှိရန် ဟောပြောသက်သေခံသွားကြရမှာ ဖြစ်ပါတယ်။
ထာဝရအသက်ရှင်သူ ယေဇူးခရစ်တော်သည် ဒီနေ့မှာလည်း သူ၏တရားနှင့် သူကိုယ်တိုင်ဟာ ကျွန်ုပ်တို့လူသားတွေကြားမှာ အသက်ရှင်ကာ သူ၏ချစ်ခြင်းမေတ္တာတရားကို ရှင်သန်စေရာ မြေစည်ထည့်ပေးနေသူဖြစ်ကြောင်း ကျွန်ုပ်ကြွေးကြော်ပါတယ်။ ကျွန်ုပ်တို့တတွေဟာလည်း သူ၏ချစ်ခြင်းမေတ္တာတရားကို နားလည်ကြိုးစားအားထုတ်လေတိုင်း သူနှင့်တသားတည်း ရှိနေကြောင်း သိသာပါတယ်။ ကျွန်ုပ်တို့မျက်နှာမှာ ဘုရားရဲ့ပုံရိပ်တွေပေါ်နေတာကို သတိထားမိကြပါသလား။ သေးငယ်သည့်လုပ်ရပ်ပင်ဖြစ်ပါစေ ချစ်ခြင်းမေတ္တာပါသည့် ဂရုဏာလုပ်ရပ်ဆိုလျှင် ကျွန်ုပ်တို့မျက်နှာများ ထွန်းထောက်လာသည်မှာ နေမင်း၏ထွန်းတောက်မှု့ကိုပင် မှေးမှိန်ပျောက်ကွယ်သွားစေပါတယ်။ 

ရှင်ပြထမြောက်လေသော ယေဇူးခရစ်တော်၌ မှီခိုရင် ကျွန်ုပ်တို့တတွေသည်လည်း ရှင်ပြန်ထမြောက်ပါစေ။ ပါစကားပွဲနေ့သည်လည်း ကျွန်ုပ်တို့နှလုံးသားမှာ အစဉ်ရှင်သန်လျက် လူတိုင်းအား ဝေမျှနိုင်သော ခရစ်ယာန်စစ်စစ်များ ဖြစ်နိုင်ကြပါစေ။ “ကိုယ်တော် ရှင်ပြန်ထမြောက်လေပြီ” အာလေလုယာ . . . ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment

Designed By