Breaking News

About Me

Saturday, March 7, 2015

တတိယမြောက်ဝါတွင်းတနင်္ဂနွေနေ့

သံယောဟန် ၂း၁၃-၂၅
အရှင်၏အိမ်တော်အတွက် စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းလျက် ရှိပါ၏။ 

ယနေ့ဝါတွင်းကာလ တတိယမြောက်တနင်္ဂနွေနေ့မှာ အသင်းတော်မှကြားနေစေသည့် ကျမ်းဟာ ဗိမာန်တော်အား ယေဇူးခရစ်တော် ရှင်းလင်းသည့်အကြောင်းနှင့်အတူ ဗိမာန်တော်အား သုံးရက်အတွင်း ပြန်လည်တည်ဆောက်မည်ဟူသော မကြာမှီမှာ ကိုယ်တိုင်ကြုံတွေရမည့် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအား ရည်ညွှန်းသည့် ကိုယ်တော်၏ရှေ့ပြေးနိမိတ်စကားတို့ပင် ဖြစ်ပါတယ်။ ထိုအကြောင်းအရာအား ပို၍ပေါ်လွင်စေသည်မှာ သံပေါလူးရဲ့ စကားပင် ဖြစ်ပါလိမ့်မယ်။ သံပေါလူးက ဂျူးများနှင့် ဂရိလူမျိုးများဟာ တန်ခိုးအမှတ်လက္ခဏာတွေတောင်းဆိုနေချိန်မှာ ထိုတန်ခိုးအမှတ်လက္ခဏာဟာ ကားတိုင်ပေါ်တွင် အသက်တော်စွန့်သည့် ခရစ်တော်သာဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်ဟာ ဘုရားသခင်၏ အစွမ်းတန်ခိုးနှင့် ညဏ်ပညာတော်  ဖြစ်သောကြောင့်ပါ။ 

ဧ၀ံဂေလိတရားတော်ထဲမှ ခရစ်တော်၏ဗိမာန်တော်သန့်ရှင်းခြင်းအကြောင်းဟာ ကျွန်တော်တို့လူတွေရဲ့နှလုံးသားတွေကို ရှင်းလင်းခြင်းကိုပင် ရည်ညွှန်းမိန့်ဆိုတယ်ဆိုတာ ဂျူးလူမျိုးတို့ရဲ့ နားလည်မှု့မှနေ၍ ဓမ္မဟောင်းကျမ်းတွင်ဖော်ပြလေ့ရှိသည့် ဗိမာန်တော်ကြီးဆိုတာကို နားလည်နေဖို့ လိုပါလိမ့်မယ်။ ဂျူးလူမျိုးတို့အား ဘုရားသခင်စတင်ရွေးကောက်ခဲ့သည့်အချိန်လို့ပဲပြောပြော၊ ၎င်းဂျူးလူးမျိုးတို့၏သမိုင်းအစလို့ပဲပြောပြော ပညတ်တော်ဆယ်ပါးဟာ အစကနဦး ဘုရားသခင်ပေးခဲ့သည့် ဥပဒေ (သို့) လမ်းညွှန်၊ လမ်းပြလမ်းစဉ်ပင် ဖြစ်ပါတယ်။ ထိုပညတ်တော်ဆယ်ပါးထားရာ သေတ္တာသည်ပင် အလွန်မြင့်မြတ်လွန်းလို့ ရဟန်းအမျိုးအနွယ်များနှင့် ထိန်းသိမ်းကာ ရိုသေ၀တ်ပြုကြပါတယ်။ ထို့နောက် ထိုသေတ္တာတော်ကြီးထားဖို့အတွက် ဗိမာန်တော်ကြီးကို ဒါဝိတ်မှစတင်ဆောက်လုပ်ကာ  ဆော်လမွန်မင်းကြီးက အပြီးသပ်ခဲ့ပါတယ်။ ထိုဗိမာန်တော်ကြီးဟာ ဂျူးလူမျိုးတို့ရဲ့ အသက် ဖြစ်လာခဲ့သလို၊ ဗဟိုရ်နှလုံးသားကြီးလည်းဖြစ်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ ထိုဗိမာန်တော်ကြီးတစ်ခုသာ ဆောက်လုပ်၍ ဘုရားသခင်၏ ပညတ်တော်ဆယ်ပါးသေတ္တာတော်နှင့်အတူ ဘုရားသခင်ကိုယ်တော်တိုင် တည်ရှိ၍ ကိုးကွယ်ဝတ်ပြုရာနေရာ ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ဗိမာန်တော်ပျက်စီးခြင်းဟာ ဂျူးလူမျိုးများပျက်စီးခြင်းပင် ဖြစ်ပါတယ်။ သမိုင်းမှာသုံးကြီးတိုင်တိုင်အဖျက်စီးခံရပြီး ထိုပျက်စီးခြင်းတိုင်းမှာလည်း ဂျူးလူမျိုးတို့၏အပြစ်ကျူးလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကျမ်းစာတော်မြတ်ထဲမှာလည်း ဘုရားသခင်ကိန်းအောင်းရာနေရာဟာ ကျွန်ုပ်တို့၏နှလုံးသားနေရာပင် ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ခန္တာကိုယ်များကို တန်ဖိုးထားရမည့်အကြောင်း သင်ကြားလေ့ရှိပါတယ်။ 

လူတွေရဲ့နှလုံးသားများ၊ အတွင်းစိတ်များသန့်ရှင်းနေဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ၀တ်ပြုရာကျမ်း ၂၀း၂၆မှာ - ငါထာဝရဘုရားသည်သန့်ရှင်းသည်ဖြစ်၍ သင်တို့သည်လည်းသန့်ရှင်းရမည်။ ဟုအသေအချာမိန့်ဆိုထားသည့်အတိုင်းပါပဲ။ ဘုရားသခင်၏သားသမီးများအဖြစ် အခေါ်ခံထိုက်ရန် ကျွန်တော်တို့သန့်ရှင်းကြရပါမယ်။ ထို့အတွက် ဓမ္မဟောင်းကျမ်းတွင် အခြေခံအကျဆုံးသော ပညတ်တော်ဆယ်ပါးကို ပေးထားခဲ့သည့်အကြောင်း ယနေ့ပထမကျမ်းတွင် ကြားနားရစေပါတယ်။ ထို့နောက် ခရစ်တော်၏သန့်ရှင်းခြင်းကို ကျွန်တော်ခံရဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်တော့်တို့ရဲ့ သန့်ရှင်း မြင့်မြတ်ဆုံးဖြစ်သည့် နှလုံးသားကို သန့်ရှင်းခံပြီး ခရစ်တော်ကဲ့သို့ ပြုမူကျင့်ကြံနိုင်ရန်၊ ခရစ်တော်အားအတုယူ၍ ကိုယ်တော်သွန်သင်ပေးခဲ့သော ပညတ်ချက်အချုပ် နှစ်ချက်ဖြစ်သည့် “သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။ - သင်နှင့်နီးစပ်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့” အား လိုက်နာကျင့်ကြံနိုင်ရန် ခရစ်ယာန်ဘ၀မှာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပါပဲ။ 

ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့လူတွေက စိတ်လှုပ်ရှားမှု့တွေ၊ ခံစားချက်တွေ၊ ပြင်ပပတ်ဝန်းကျင်က သက်ရောက်မှု့တွေနဲ့အတူ ရောထွေးရှုပ်ထွေးစေကြပါတယ်။ ထိုကြောင့်လည်း လူတွေကြားမှာ ချစ်ခြင်းမေတ္တာကို အဆင့်အတန်းအမျိုးမျိုးနှင့် သဘောသဘာဝအမျိုးမျိုးခွဲခြားကွဲပြားနေတာပါ။ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေကို အပြိုင်ဖြစ်နေကြပြီး အတ္တအချစ်နဲ့ အတ္တကင်းတဲ့အချစ် စသဖြင့် ရှုပ်ထွေးနေရပြန်ပါတယ်။ မိဘအချစ်၊ သူငယ်ချင်းအချစ်၊ သမီးရည်းစားအချစ် စသဖြင့် ရှုပ်ထွေးနေကြရပြန်ပါတယ်။ ဒါတွေဟာလည်း ငြင်းလို့မရနိုင်တဲ့ ချစ်ခြင်းအမျိုးအစားတွေပဲ ဖြစ်ပေမယ့်လည်း ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် ဒီထက်မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာကို မေ့ထားလို့မရရုံသာမကဘဲ ပထမဦးစားပေးချစ်ခြင်းမေတ္တာရှိတာကိုလည်း မေ့မထားသင့်ပါဘူး။ ထို့ကြောင့် ခရစ်တော်အားဖြင့် နှလုံးသားများကို သန့်ရှင်းစေပြီး အခြားသူတစ်ပါးအတွက် မိမိတို့နှလုံးသားတွေကို ဖွင့်ထားနိုင်ရန် ဒီဝါတွင်းမှာ အထူးပြင်ဆင်သွားကြဖို့ ဖိတ်ခေါ်ပါတယ်။

ခရစ်တော်ဟာ ကျွန်တော်တို့တစ်ဦးချင်းစီ၏နှလုံးသားအိမ်တော်အတွက် စိတ်အား ထက်သန်ပြီး လောင်ကျွမ်းလျက် ရှိနေပါတယ်။ ကျွန်တော်တို့တတွေလည်း ကိုယ့်နှလုံးသားအိမ်တော်၊ ဗိမာန်တော်အတွက် ခရစ်တော်လိုပဲ စိတ်အား ထက်သန်ပြီး လောင်ကျွမ်းလျက်ရှိဖို့ ၀ါတွင်းကာလဟာ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးအချိန်ပါပဲ။

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment

Designed By