Breaking News

About Me

Saturday, March 12, 2016

ပဉ္စမ၀ါတွင်းတနင်္ဂနွေနေ့


သံယောဟန် ၈း၁-၁၁
သွားလော့။-နောက်တဖန်အပြစ်မပြုလေနှင့်။

ဖတ်ရှု့ရသည့် ပထမကျမ်းစာတော်တွင် ထာဝရဘုရားသခင်က ဂျူးလူမျိုးတို့အား အီဂျစ်ပြည်၊ အီဂျစ်ဘုရင်လက်မှ အံ့ဖွယ်ရာများစွာပြုလုပ်ကယ်တင်ခဲ့ပြီး အတိတ်ဘ၀ရဲ့ကြေကွဲမှု့တွေကို မေ့ဖျောက်ကာ ကိုယ်တော်ရှင်ပေးမည့် အသစ်သောဘ၀မှာ ပျော်ရွှင်ကျေနပ်စေဖို့ မိန့်ဆိုတော်မူပါတယ်။ ၎င်းဖြစ်ရပ်ဟာ ဂျူးလူမျိုးတို့ရဲ့သမိုင်းမှ လက်တွေ့ဖြစ်ရပ်ကြီးပင်ဖြစ်ပါတယ်။ အလားတူ၊- ဧ၀ံဂေလိတရားတော်မှာလည်း စာရိတ္တဆိုင်ရာ၊ ၀ိညာဉ်ရေးဆိုင်ရာမှာ ပိုပြီးထောက်ပြရမည့်ဖြစ်ရပ်တစ်ခုပါပဲ။ လူအုပ်ကြီးတစ်ခုဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးတစ်ဦးကို ယေဇူးခရစ်တော်ထံတော်သို့ ခေါ်ဆောင်လာခဲ့ကြပါတယ်။ ဥပဒေနှင့်တရားတော်ကြားမှာ ဘေးကြပ်နံကြပ်ဖြစ်စေရန် တမင်ရည်ရွယ်ကာ ဖာရီဇေဦးနှင့် ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတွေက ၎င်းအမျိုးသမီးအပေါ် တရားစီရင်ချက်ချပေးရန် ယေဇူးသခင်ထံ တောင်းဆိုကြတယ်။ ခရစ်တော်သခင်ကတော့ တရားတော်၎င်းတို့စိတ်တွေကို သိနေသည့်အတိုင်း ပထမတော့ နှုတ်ဆိတ်နေပြီး မြေပေါ်တွင် တစ်ခုခုရေးမှတ်နေလိုက်တယ်။ သို့သော်လည်း ဆက်လက်တောင်းဆိုကြပြန်သောအခါ ခရစ်တော်သခင်က “သင်တို့တွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူမကိုကျောက်ခဲနှင့်ပေါက်စေ” ဟုစီရင်ချက်ပေးခဲ့ပါတယ်။ ခရစ်တော်ပေးခဲ့သည့် ထိုစီရင်ချက်ဟာ ဘုရားညဏ်တော်နှင့်ပြည့်စုံလှသည်ဟု ဆိုရပါလိမ့်မယ်။ အင်မတန်မှကို နက်ရှိုင်းပြီး ဥပဒေလည်းမငြိ၊ တရားတော်လည်း ပို၍မြင်သာစေပါတယ်။ ထိုမြင်သာစေတဲ့တရားဟာ ဘယ်လိုတရားလဲ။

အမှန်တကယ်မှာ ကျနော်တို့တတွေအားလုံးဟာ အပြစ်သားတွေပါ။ ဘယ်လိုနည်းနဲ့ပဲ လှည့်ပတ်ပြောပြော ရှောင်လွဲမရတဲ့အမှန်တရားတစ်ခုပါပဲ။ အပြစ်သားအချင်းချင်းကြားမှာ မတူညီတာတစ်ချို့တော့ရှိပါတယ်။ မတူညီတဲ့ချိုးဖောက်မှု့တွေကိုလုပ်နေကြပြီး တူညီတဲ့အပြစ်သား သဘာဝမှာ လျှောက်လှမ်းနေကြတာပါပဲ။ ဒါကိုပင် သူချိုးဖောက်တာက အပြစ်၊ ငါလုပ်နေတာက အမှန်လို ထင်မြင်ယူဆသူတွေက ဒုနဲ့ဒေးပါပဲ။ အပြစ်ကို ချိုးဖောက်နေစဉ်မိတော့ အသိုင်းဝိုင်းရဲ့ပစ်မှတ်ထိသူ၊ ထိုသူဟာ အပြစ်သား (တရားခံ)ပေါ့။ အပြစ်ကို လုပ်နေသော်လည်း လူမမိဘဲနေသူတွေကတော့ သူတော်ကောင်းယောင်ဆောင်တွေက ဒုနဲ့ဒေး။ ထို့အပြင် ဒီခေတ်အဆိုးဆုံးကတော့ အပြစ်လုပ်နေတာကို အပြစ်ဟုမသတ်မှတ်တော့ဘဲ ကိုယ့်သြတ္တပကို အလွတ်ရုန်းနေသူတွေက လက်ညိုးမလွဲ။ သို့သည့်တိုင်အောင် သူတစ်ပါးကို အပြစ်ဖို့၊ စွပ်စွဲပြစ်တင်သူ-လက်ညိုးရှင်တွေက သူသူငါငါ။ ဒါတွေအားလုံးဟာ မိမိကိုယ်ကို အပြစ်သားဆိုတဲ့ အဖြစ်မှန်ကြီးကို လက်မခံနိုင်ဘဲ ရှောင်ဖယ်ရုန်းကန်ခြင်းမှ ဖြစ်ပေါ်နေတာတွေပါပဲ။ တရားတော်ကို ဘယ်လိုမြင်နိုင်မလဲ၊ မြင်မလဲ။

ယနေ့၊ ကျနော်တို့ရဲ့အတ္တမာနတွေ ခဏလျော့ချဖယ်ထုတ်ကာ တရားတော်ကို မြင်အောင်ကြည့်ကြရအောင်ပါ။ တရားဆိုတာ အေးမြသည်မို့ စိတ်နှလုံးအေးချမ်းစွာထားပြီးမှ ယူလျှင် ပို၍အကျိုးအာနိသင့်ရှိပါလိမ့်မယ်။ ကျနော်တို့တတွေအတွက် ဘ၀ရည်မှန်းချက်ဟာ နောင်ဘ၀သုခချမ်းသာဆိုတာ ခရစ်ယာန်တိုင်းမမေ့အပ်ပါ။ ထို့အတူ ယခုဘ၀မှာလည်း ဘုရားကျေးဇူးတော်များ ရေတွက်မကုန်တာလည်း မြင်နိုင်မှ ရှင်သန်ထိုက်ပါတယ်။ ကျနော်တို့အားလုံးအတွက် ဘုရားသခင်ဟာ သူ၏ကျေးဇူးတော်ကို ဘယ်တော့မှ ထိမ်ချန်မထားဘဲ အမြဲတမ်း ပေးနေပါတယ်။ ကိုယ်တော်ရှင်ရဲ့ကျေးဇူးတော်၊ မေတ္တာတော်နှင့် သနားဂရုဏာခြင်းဟာ နေ့စဉ်နေ့တိုင်းအသစ် အသစ်တွေပါပဲ (Lamentation 3:22-23)။ ထို့အပြင် သန့်ရှင်းသော ၀ိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် ကျနော်တို့တတွေဟာ ခရစ်တော်နှင့်တူစေလာအောင် အသွင်ပြောင်းလဲပေးနေပါတယ်။ သံပေါလူးပြောတဲ့ အသစ်သောဘ၀ဟာ ထိုကဲ့သို့ ခရစ်တော်နှင့်တူတဲ့ ဘ၀ပါပဲ။

တရားမျှတခြင်းဟာ ကျနော်တို့အတွက် အခြေခံတရားတော်ဖြစ်သည့်တိုင်အောင် ခရစ်ယာန်ဘ၀- ခရစ်တော်နှင့်တူတဲ့ဘ၀မှာတော့ မေတ္တာဂရုဏာနှင့်ပြည့်ပြည့်စုံစုံဖြင့် တရားစီရင်ခြင်းမှာ ပေါင်းထည့်ရပါတယ်။ အသိညဏ်အသိတရားဖြင့် ရရှိသည့်ပညာသုတတွေဟာ သိပ်ကိုတန်ဖိုးကြီးလှသလို၊ နှလုံးသားမှပေးသည့်ပညာသုတသည်လည်း သိပ်ကိုနက်ရှိုင်းလှပါတယ်။ ၎င်းနှစ်ခုစလုံးပေါင်းဖက်နိုင်မှ လူပီသပါလိမ့်မယ်။
ဒီနေ့ မိမိကိုယ်ကိုအပြစ်ရှိနေလို့ မရှက်ပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်လိုသူလို ဒုနဲ့ဒေး။ ဒါပေမယ့် အပြစ်သားဘ၀က ရုန်းထွက်ရမယ်။ လွတ်မြောက်အောင် ရုန်းထွက်နေခြင်းက ခွန်အားအလင်းဖြစ်စေသလို၊ လူပီသစေရာလည်းဖြစ်ပါတယ်။ ဒါဟာ ရဟန္တာတို့လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။ အဲဒီလို ရုန်းထွက်ကြိုးစားနေခြင်းဟာ မိမိပတ်ဝန်းကျင်က မိတ်ဆွေတွေအတွက် အတုယူစရာဖြစ်သလို၊ ခွန်းအားလည်း ဖြစ်စေပြန်ပါတယ်။ ကျနော်တို့ မေတ္တာဂရုဏာနှင့် စာနာတတ်လျှင် ဥပဒေစာအုပ်ကြီးကို နားလည်မှု့အသစ်၊ ခရစ်တော်အသွင်ဖြင့် မြင်လာမှာပါ။ သို့သည်တိုင်အောင် လူ့လောက မပြီးပြည့်စုံလှသည်မို့၊ အတ္တတို့လည်း လွှမ်းမိုးခံနေရတတ်သည်မို့ ဥပဒေအားဖြင့် အနိမ့်ဆုံးအဆင့်မှာ အချင်းချင်းကာကွယ်ရန် လမ်းညွှန်အဖြစ်လိုအပ်နေဦးမှာပါပဲ။ ခရစ်တော်တရား စကားတော်ကတော့ - သွားလော့။-နောက်တဖန်အပြစ်မပြုနှင့်။ ငါလည်းသင့်ကိုမစီရင်ပြီ။
ဤ၀ါတွင်းကာလ စစ်မှန်သော နောင်တ တရားနှင့်အခြားသူများကိုလည်း ကိုယ့်ရဲ့အတ္တတွေ ရှေ့တန်းတင်ကာ မစီရင်ကြဘဲ မေတ္တာဂရုဏာဖြင့် အတတ်နိုင်ဆုံး မြင်နိုင်အောင်၊ လမ်းကောင်းဆွဲခေါ်နိုင်အောင် ရဟန္တာတို့လမ်းစဉ်အတိုင်း ဆက်လျှောက်ကြပါစို့။

ဒိုမီနီကန်ကိုရင်

#Dominicankoyin

No comments:

Post a Comment

Designed By