Breaking News

About Me

Saturday, January 23, 2016

တတိယမြောက်သာမန်တနင်္ဂနွေနေ့


ထာဝရဘုရား၏ ၀ိညာဉ်တော်သည် ငါ့အပေါ်၌ရှိတော်မူ၏။-အကြောင်းမူကား ဆင်းရဲသားတို့အား ၀မ်းမြောက်စရာသတင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကိုဆီဖြင့်လိမ်းကျံတော်မူပြီ။

ဖတ်ရှု့ရတဲ့ ဧ၀ံဂေလိတရားမှာတော့ သံလုကာရေးသားပြုစုထားတဲ့ကျမ်း ၁း၁-၄ တပိုင်းဖြစ်ပြီး ၄း၁၄-၂၂ တပိုင်းတို့ကို ပေါင်းစပ်ထားပါတယ်။ ပထမတပိုင်းဟာ သံလုကာမှ မိတ်ဆွေ သီအိုဖီလုအား ခရစ်တော်နှင့်ပတ်သက်ပြီး ကြားထားသမျှတို့ကို သမိုင်းပညာရှင်တစ်ဦးကဲ့သို့ သေချာလေ့လာစီစစ်ပြီး သက်ဆိုင်ရာအမှန်တရားကို သိရှိစေရန် ရည်ရွယ်ရေးသားကြောင်းကို ဖော်ပြထားပါတယ်။ ဤသို့အားဖြင့် ဘာကိုညွှန်ပြနေသလဲဆိုတော့ ၎င်းရေးသားသည့် ဧ၀ံဂေလိသတင်းကောင်းဟာ ယုံကြည်စိတ်ချဖွယ်ဖြစ်ကြောင်းနှင့် ခရစ်တော်အကြောင်းကို တတ်နိုင်သလောက် အစောဆုံးကာလမှ ဖော်ပြနိုင်အောင် ကြိုးပမ်းစီစစ်ထားကြောင်း မြင်သာစေပါတယ်။ သံလုကာဟာ သံပေါလူးရဲ့စာရေးတပည့်ဖြစ်ပြီး ခရစ်တော်၏သတင်းကောင်းကို ကြားသိတို့တွင် ပထမမျိုးဆက်ထဲမှ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

ဒုတိယအပိုင်းဖြစ်တဲ့ ၄း၁၄-၂၂မှာတော့ ယေဇူးခရစ်တော်၏ တရားဒေသနာတော် စတင်ဟောပြောတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ ၎င်းဖြစ်ရပ်ကတော့ ယေဇူးခရစ်တော်ရဲ့ တောကန္တာရမှာ အစာရှောင်ခြင်းနှင့် အနှောက်ယှက်ခံယူခြင်းပြီး ၀ိညာဉ်တော်တန်ခိုးဖြင့်ပြည့်ဝကာ ပြန်လာပြီး ဂါလေလေးယနယ်၊ သူ၏ဇာတိရွာ နာဇရက်မှာ တရားတော်စတင်ဟောပြောတဲ့ အကြောင်းပါပဲ။ တိုက်ဆိုင်မှု့ပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ စီမံမှု့ပဲဖြစ်ဖြစ် ခရစ်တော်၏ပထမဆုံးတရားဇရပ်အ၀င်မှာပဲ ဖတ်ခိုင်းခံရတဲ့ကျမ်းဟာ ပရော်ဖက် အီဇာရိယရဲ့ကျမ်းဖြစ်ပြီး ခရစ်တော်ကိုပဲရည်ညွှန်းကာ မိန့်ဆိုထားတဲ့ ကျမ်းပိုဒ်ဖြစ်နေပါတယ်။ -ထာဝရဘုရား၏ ၀ိညာဉ်တော်သည် ငါ့အပေါ်၌ရှိတော်မူ၏။-အကြောင်းမူကား ဆင်းရဲသားတို့အား ၀မ်းမြောက်စရာသတင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကိုဆီဖြင့်လိမ်းကျံတော်မူပြီ။။

ခရစ်တော်သခင်ရဲ့ သတင်းကောင်းမှာ ဘုရားသခင်၏အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့၏ အသိပညာများပင် ဖြစ်ပါတယ်။ ထိုအသိပညာများ ကျနော်တို့ဘ၀မှာ ရှိနေဖို့ ဘယ်လိုကြိုးစားနိုင်ပါသလဲ။ ၎င်းအသိပညာများဖြင့် ပြည့်စုံသူ-ခရစ်ယာန်များဖြစ်ဖို့ ကျနော်တို့ ဘာတွေလုပ်ဆောင်ကြရမလဲ။ 
(၁) ကျနော်တို့ဘ၀ထဲမှာ ဘုရားသခင်ရှိနေရပါမယ်။ ဘုရားသခင်ကိုလည်း ထိတွေ့ဖူးရပါမယ်။
(၂) ဘုရားသခင်၏အမှန်တရားနှင့် ကောင်းမြတ်ခြင်းမှာ ကျနော်တို့ယုံကြည်မှု့ရှိနေရပါမယ်။
(၃) ဘုရားသခင်၏အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့ကို လက်ခံလိုချင်စိတ် ကျနော်တို့နှလုံးသားတွေကို ဖွင့်ထားဖို့လိုပါတယ်။

ဒီတော့- ကျနော်တို့တတွေဟာ အထက်ပါအချက်သုံးချက်အတွက် မိမိကိုယ်ကိုစမ်းစစ်ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ထောက်ရှု့ရတဲ့ တရားမှာတော့ ဘုရားသခင်ဟာ ကျနော်တို့ဘ၀ရဲ့ သုခရှိချိန်မှာပင် မဟုတ်ဘဲ ဒုက္ခရောက်ချိန်မှာလည်း ကျနော်တို့နှင့်အတူ ရှိနေပေးကြောင်း ကာနန်မြို့လက်ထပ်ပွဲမှ မီးမောင်းထိုးပြနေပါတယ်။ မိမိကိုယ်တော်တိုင် အမှန်တရားနှင့်ကောင်းမြတ်ခြင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သုခ၊ ကောင်းမြတ်ချိန်တွေမှာ ကိုယ်တော်ရှင်ရှိနေပါတယ်။ ထို့အတူ မိမိကိုယ်တော်တိုင်ဟာ သနားဂရုဏာနှင့်ပြည့်ဝသည့် ဘုရားဖြစ်သည့်အလျောက် ကျနော်တို့ဒုက္ခရောက်ချိန်မှာလည်း ကျနော်တို့နှင့်အတူရှိနေပြီး ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတို့အားဖြင့် ဒုက္ခထဲမှာ ကျနော်တို့လွတ်မြောက်နိုင်ဖို့ လမ်းပြပေးတယ်။-အလင်းပြပေးပါတယ်။

ဘ၀အစိတ်အပိုင်းတစ်ခုမှာ သုခဟာ အမှန်တကယ်ရှိနေသလို အစိတ်အပိုင်းတစ်ခုအဖြစ် ဒုက္ခရှိနေခြင်းဟာလည်း အမှန်တရားပါပဲ။ ငါသည်အမှန်တရားဖြစ်၏ ဟုကြွေးကြော်ခဲ့သည့် ယေဇူးခရစ်တော်ကိုယ်တော်တိုင်လည်း ဒီအမှန်တရားတွေကို ရင်ဆိုင်ပြသပေးခဲ့ပါတယ်။ မိမိကိုယ်ကို ဒုက္ကစရိယာလမ်းစဉ်ကို ရွေးပြီး အကြီးမြတ်ဆုံးသော ပေးဆပ်မှု့အားဖြင့် အမြင့်မြတ်ဆုံးသော ဆုလာဒ်သုခဖြစ်သည့် ထာဝရအသက်လမ်းစဉ်ကို ပြပေးခဲ့ပါတယ်။ ဒီအတွက် ကိုယ်တော်လာခဲ့ခြင်းဖြစ်ပါတယ်။ ဘ၀အမှန်တရားကို လက်ခံနိုင်ဖို့ ဒုက္ခနှင့်သုခကို ယှဉ်တွဲပြီးလက်ခံနိုင်ရမယ်။ ထိုသို့လက်ခံခြင်းအားဖြင့် သုခကို တန်ဖိုးထားတတ်လာမယ် - ပြီးတော့ဒုက္ခအားဖြင့် သင်ခန်းစာယူတတ်လာမယ်။ ဒုက္ခကို ကြုံတွေ့ခြင်းအားဖြင့် ပိုမိုကောင်းမွန်သောဘ၀ကို ရွေးချယ်ဆောက်တည်တတ်ရန် ဖိတ်ခေါ်ခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် ရှောင်ထွက်မသွားဘဲ လက်ခံနိုင်အောင် နှလုံးသားတံခါးကို ဖွင့်ထားပါ။ ပြီးလျှင် ၀ိညာဉ်တော်အလင်းကျေးဇူးအားဖြင့် ကျော်ဖြတ်နိုင်အောင် အမြဲတစေကြိုးစားရင်း ဘုရားသခင်၏ကောင်းမြတ်ခြင်းသုခတွေကို ခံစားရရှိစေမှာဖြစ်ပါတယ်။ ထိုကျေးဇူးတော်တွေကို ရေတွက်ရင်း ကျနော်တို့ဘ၀မှာ အထက်ပါအသိပညာများဖြင့် ပြည့်စုံလာပါလိမ့်မယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျနော်တို့၌အမြဲလုပ်ဆောင်လျက်ရှိပါတယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

No comments:

Post a Comment

Designed By